26.2 C
Yangon

မြန်မာပြည်သူများများအပေါ် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်ကို အာဆီယံက ရှုတ်ချရန်နှင့် အရေးယူရန် ပျက်ကွက်မှု NUG က စိတ်ပျက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံတွင် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများ ဆက်လက်ကျူး လွန်နေသည့် အကြမ်းဖက်စစ်အုပ်ကို အာဆီယံက ရှုတ်ချရန်နှင့် အရေးယူရန် ပျက် ကွက်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က စိတ်ပျက်မိကြောင်း ထုတ်ပြန် ကြေညာသည်။

မလေးရှားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သော ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအပြီး ကြေ ညာချက်တွင် အာဆီယံအနေဖြင့် စစ်ကောင်စီကို ရှုတ်ချရန်နှင့်အရေးယူရန် ပျက်ကွက်သည့်အတွက် NUG အမျိုးသားညီ ညွတ်ရေးအစိုးရက စိတ်ပျက်မိကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အာဆီယံက မြန်မာနိုင်ငံတွင်းပဋိပက္ခများ ပိုမိုမြင့်တက်လာမှု နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာမှုအပေါ် စိုးရိမ်ပူပန် ကြောင်းဖော်ပြချက်၊ အရပ်သားပြည်သူများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ရှုတ်ချချက်နှင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်အတွက် တိကျခိုင်မာသော ဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းချက်များ ပါဝင်သော်လည်း၊ အာဆီယံအနေဖြင့် ကြီးလေးသည့် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှုနှင့် ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိ သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာစိတ်ပျက်ရကြောင်း NUG ၏ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ့အရေးအပေါ် ဆက်လက်အလေးထားသည့်ဖော်ပြချက်များ ထည့်သွင်းပါဝင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်တွင် ငလျင်ဘေးသင့်မြန်မာပြည်သူများထံသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တပြေးညီ ရောက်ရှိစေရေး တို့အတွက် AHA Centre မှတဆင့် အာဆီယံ၏ စုပေါင်းတုံ့ပြန်မှုနှင့် လျင်မြန်စွာ ကူညီဆောင်ရွက် ပေးမှုများကိုလည်း NUG က ကျေးဇူးတင်အသိအမှတ်ပြုထားသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှုကို ပြန်လည်သုံး သပ်ပြီး၊ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ အကြံပြုချက်များ တင်ပြရန်နှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍ စဉ်ဆက်မပြတ်ရှိနေစေရန်အတွက် ဗျူဟာအသစ်များ ရှာဖွေရန် တာဝန်ပေးအပ်ခဲ့မှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုလိုက်သည်။

အာဆီယံက ဘုံသဘောတူညီချက် (၅) ရပ်အား အာဆီယံ၏ အဓိကရည်ညွှန်းချက်အတွက် အတည်ပြုကြောင်း အကြိမ်ကြိမ် ထုတ်ပြန်အသိပေးခဲ့သော်လည်း၊ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်ရက်စက်မှုများကို ဆိုးရွားကျယ်ပြန့်စွာ ဆက်လက်ကျူးလွန်လျက်ရှိပြီး၊ အဆိုပါပူးတွဲကြညာချက်ထုတ်ပြန်သည့်နေ့ရက်၌ပင် စစ်ကိုင်း ဖက်ဒရယ်ယူနစ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေး သူငယ်များအပါအဝင် အပြစ်မဲ့ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရကြောင်း NUG က ထောက်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲအားကြံစည်နေမှုမှာ အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုများ အဆုံးသတ် ရေးဟူသော အချက်ကို ဆန့်ကျင်နေသည်မှာ ထင်ရှာ်ကြောင်း၊ သို့သော်လည်း အာဆီယံအနေဖြင့် ယင်းတရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိသည့် အတွက် အကြမ်းဖက်စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက် နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ရှုမြင်ထားသည်။

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် စတင်တာဝန်ယူခဲ့သည့်အချိန်မှစတင်၍ H.E. Tan Sri Othman Hashim သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန် ရှိသူများနှင့် တတ်သိပညာရှင်များနှင့် ထိတွေ့ချိတ်ဆက် ဆောင်ရွက်လျက်ရှိသော်လည်း၊ မြန်မာနိုင်ငံသို့ သွားရောက်၍ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံ၏ တရားဝင် ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရေးအတွက် အကြမ်း ဖက်စစ်အုပ်စုအပေါ် စည်းရုံးဖိအားပေးနိုင်စွမ်း မရှိနေသည့်အချက်က အာဆီယံ၏ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွင် အကန့်အသတ်များစွာ ရှိနေကြောင်းကို ဖော်ပြရာရောက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက် ကြေညာထားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ပဋိပက္ခအား အမှန်တကယ် ထိရောက်စွာ ဖြေရှင်းဆောင် ရွက်ရာ၌ မြန်မာပြည်သူများ၏ ပြင်း ပြသော စိတ်ဆန္ဒနှင့် နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်များကို အပြည့်အဝ နားလည်စာနာရန်၊ အကြမ်းဖက်စစ်အုပ်စု၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း အကြမ်းဖက်မှုများကြောင့် အာဆီယံဒေသတွင်း စုစည်းမှု၊ ငြိမ်းချမ်းတည် ငြိမ်မှု၊ ကြွယ်ဝဖွံ့ဖြိုးမှုနှင့် လူထုဗဟိုပြု အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ရေး တို့ကို အဟန့်အတား ဖြစ်စေခဲ့ရသည့် အခြေအနေကို ကောင်းစွာလက်ခံကာ၊ အကြမ်းဖက်စစ်အုပ်စုအား ဖိအားပေး အရေးယူမှုနှင့် လက်တွေ့ကျသင့်လျော်သည့် ဆောင်ရွက်မှုများ အပါအဝင် လိုအပ်သည့် မဟာဗျုဟာ များ ချမှတ်ဆောင်ရွက်သွားပါရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

Photo- AP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article