ရန်ကုန်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နှင့် မင်းကင်းမြို့နယ် အစပ်တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်သင်္ဘော အုပ်စုကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း နွေဦးတော်လှန်ရေး အင်အားစု မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ် သင်္ဘောအုပ်စုကို ချင်းတွင်း နွေဦးတော်လှန်ရေး အင်အားစု (CSRAF) နှင့် မဟာမိတ် ညီနောင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး သင်္ဘောက စုစုပေါင်း ၂၃ စီးလို့ ပြောရမှာပေါ့။ စစ်ခွေး အင်အားက ၁၀၀ တော့ အသာ လေးကျော်နိုင်တယ်။ စစ်ခွေးသေစားရင်းကို ကျနော်တို့က မခန့်မှန်းနိုင်ဘူး။ တိုက် ခိုက်တဲ့အချိန်ကတော့ ညနေ ၄ နာရီမှာ တိုက်ခိုက်ခဲ့တာပါ။ ကနီနဲ့ မင်းကင်းနယ်စပ်နားမှာ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ် ပြန် လည်ပစ်ပါတယ်။ စစ်ခွေး သင်္ဘော ပျက်စီးမှုကတော့ ရှိနိုင်တယ်” ဟု နွေဦးတော်လှန်ရေး အင်အားစု မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို နွေဦးတော်လှန်ရေး အင်အားစု၊ ကျောက်လုံးကြီးအဖွဲ့ ၊ B 21 တပ် ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
