ရန်ကုန်၊ ဇူလိုင် ၁၇
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ချယ်ရီကုန်း အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၄ လုံး ကျဲချ တိုက် ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင် အရေးကူညီနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ချယ်ရီကုန်း အနီးတစ်ဝိုက်ကို လေယာဉ်ဖြင့် အနိမ့်ပျံသန်းပြီး ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများနေ ထိခိုက်မှု မရှိသော်လည်း နေအိမ်များ ထိခိုက် ပျက်စီးမှု ရှိကြောင်း သိရှိရသည်။
“ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ ချယ်ရီကုန်း အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ ဗုံးသီး ၄ လုံး လာရောက်ကျဲချ တိုက်ခိုက်သွားတာပါ။ နိမ့်နိမ့်လေးဆင်းပြီး တစ်ခါတည်းချတာ ပြည်သူတွေ အထိအခိုက် မရှိဘူးလို့တော့ သိရတယ်” ဟု ကရင်နီစစ်ဘေးရှောင် အရေးကူညီနေသူတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နီပြည်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက်ဖြစ်ပေါ်လျက်ရှိသည်။
ကရင်နီ ပြည်နယ်၊ ဖားဆောင်မြို့နယ်၊ မော်ချီးဒေသကို ဇူလိုင် ၁၀ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာတွင် တိုက်ပွဲ ဖြစ်ပွာခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့ ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




