ရန်ကုန်| ဇူလိုင် ၁၈
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း တပ်သား အောင်သက်ထွန်းနှင့် နေလင်းအောင်တို့ အာရက္ခတပ်တော် AA က အလင်းဝင်ရောက် လာသည့် ဗီဒီယိုဖိုင်တွင် အောင်သက်ထွန်းက ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောဆိုထားခြင်းဖြစ်သည်။
၎င်းတို့က ရှေ့တန်း စစ်မြေပြင်အခြေအနေများ၊ တပ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု၊ မူး ယစ် ဆေးဝါး သုံးစွဲမှု စသည် အကြောင်းများနှင့် ထွက်ပြေးလာရသည့် အကြောင်းအရင်းများကို ရှင်းလင်း ပြောပြထားကြသည်။
အလင်းဝင် စစ်မှုထမ်းတပ်သား အောင်သက်ထွန်းက “၁ လပိုင်း ၂၀ ရက် ၂၀၂၅ မှာ ကျနော်တို့တပ်ရင်း ရခိုင်စစ်မြေပြင် နယ်ခြားဘုရားကုန်း ရောက်ပါတယ်။ နယ်ခြားဘုရားကုန်းရောက်တဲ့အချိန်မှာ ညဘက်ကြီး ရောက်သွားပါတယ်။ မနက်လည်းကျရော တိုက်ပွဲစဖြစ်နေပြီ။ နောက်တစ်နေ့မှာ ကျနော်တို့ အကျအဆုံးများတာနဲ့ ဂုတ်စည်းရိုးကို ဆုတ်ပေးခဲ့ပါတယ်။ ဂုတ်စည်းရိုး ရောက်တော့ နောက်တစ်နေ့မှာ တိုက်ပွဲ စဖြစ်ပါတယ်။ အဲဒီတိုက်ပွဲထဲမှာပဲ။ ကျနော်တို့ ဒုတပ်ရင်းမှူး ဘာလီ နာမည်ရင်းတော့ မသိခဲ့ရပါဘူး။ ဒရုန်းဗုံးကျခဲ့ပြီးတော့ သေဆုံးသွားတာရှိပါတယ်။ တိုက်ပွဲက ပြင်းထန်နေလို့ အဲဒီနားမှာပဲ ကျနော်တို့ ဘာလီကို သင်္ဂြိုဟ်ခဲ့ပါတယ်။ ၁ လပိုင်း ၃၁ ရက်နေ့ ၂၀၂၅ မှာပါ” ဟု ပြောဆိုထားသည်။
AA ဒရုန်းဗုံးကြောင့် သေဆုံးသွားသော စစ်ကောင်စီ ဒုတပ်ရင်းမှူး ဘာလီ (အမည်ရင်းမသိရသေး) မှာ တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ တပ်ရင်းမှ ဖြစ်ပြီး ခလရ ၇၉ တပ်ရင်းမှာ ပဒါန်းမြို့ကတစ်ဆင့် ရခိုင်စစ်မြေပြင်သို့ ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
ခလရ ၇၉ တပ်ရင်းကို ဒုတပ်ရင်းမှူး ဘာလီ က ဦးဆောင်လာခြင်းဖြစ်ပြီး အင်အား ၁၅၀ ခန့်ပါဝင်ကြောင်း အလင်းဝင် စစ်မှုထမ်း တပ်သား အောင်သက်ထွန်းက ပြောဆိုထား သည်။
ဂုတ်စည်းရိုးတိုက်ပွဲအတွင်း ခလရ ၇၉ တပ်ရင်းမှ အကျအဆုံးများခဲ့ကြောင်းနှင့် ဗိုလ်ကြီးတစ်ဦးက ကျန်ရှိနေသော တပ်ဖွဲ့ဝင်များကို စုစည်းပြီး ဂုတ်စည်းရိုး တပ်စခန်းမှ ကတုံးကြီးစစ်စခန်းသို့ တပ်ဆုတ်သွားခဲ့ကြောင်း တပ်သား အောင်သက်ထွန်းက ဆိုသည်။
“ကျနော်တို့တွေ ကတုံးကြီးမှာ ၁၀ ရက်လောက် အခြေချခဲ့ပါတယ်။ AA ထိုးစစ် ထပ်ရောက်လာတာကြောင့် ကတုံးကြီး တိုက်ပွဲမှာ အကျအဆုံးများတော့ နောက်ကို ပြန်ဆုတ်ခဲ့ပါတယ်။ နတ်ရေကန် စခန်းကို ဆုတ်သွားတာပါ။ နောက်ကို ပြန်ဆုတ်တဲ့အချိန်မှာ အင် အား ၃၀ ကျော်လောက်ပဲ ကျန်မှာပါ။ ကျနော်တို့ နတ်ရေကန်စခန်းမှာ တစ်လလောက် အခြေပြုနေခဲ့ပါတယ်” ဟု ပြောသည်။
ရခိုင်-မကွေး နယ်ခြားသတ်မှတ် ဧရိယာရှိ နယ်ခြားဘုရားကုန်းပေါ်က စစ်ကောင်စီ တပ်စခန်းကို AA က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနီးရှိ ဂုတ်စည်းရိုးတပ်စခန်းသို့ ဆုတ်ခွာခဲ့သည်။
AA က ဆက်လက်၍ စစ်ကောင်စီ ဂုတ်စည်းရိုးတပ်စခန်းကို တိုက်ခိုက်ရာတွင် ဂုတ်စည်းရိုးက စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ ကတုံးကြီးစစ်စခန်းသို့ တပ်ဆုတ်သွားပြန်သည်။
ထပ်မံပြီး AA က ကတုံးကြီးစစ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ရာ နယ်ခြားဘုရားကုန်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တဖြည်းဖြည်းဖြင့် နတ်ရေကန်တပ်စခန်းသို့ ဆုတ်ခွာသွားရခြင်းဖြစ်သည်။
အာရက္ခတပ်တော် AA သည် ရခိုင်-မကွေး နယ်ခြားမျဉ်းရှိ နယ်ခြားဘုရားကုန်းတပ်စခန်း၊ ဂုတ်စည်းရိုးတပ်စခန်းနှင့် ကတုံးကြီးတပ်စခန်းတို့ကို သိမ်းပိုက်ထားကြောင်းလည်း သိရသည်။
လက်ရှိ AA ၏ ထိုးစစ်မှာ နတ်ရေကန်စခန်း – ဗျူဟာကုန်း (လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း) ကို သိမ်းပိုက်နိုင်ရန် အခြားသော မဟာမိတ်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြင့် ပူးပေါင်း တိုက်ခိုက်နေသည်။
AA ၏ ပူးပေါင်းတပ်ထိုးစစ်သည် နတ်ရေကန်စခန်း (ဗျူဟာကုန်း) အနီးထိ ရောက်ရှိသွားပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေးကို ကြိုးပမ်းနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
နတ်ရေကန်စခန်းသည် မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းတပ်နယ်ရှိ ဗျူဟာကုန်း စခန်းကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းကာ ခုခံနေသည်။
ဓာတ်ပုံ – မကွေးတိုင်းသို့ ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
