ရန်ကုန်၊ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မော်၊ ရှားကွဲရွာနှင့် ငါးပတ်ချောင်းရွာတို့ကို စစ်လေယာဉ် ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများအနက်မှ ပြည်သူ ၁၅ ဦး၏အလောင်းများ ကောက်ယူရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင် ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် ဝက်လက်မြို့နယ်၊ ရှားကွဲရွာ၊ ရေလည်မော်ရွာနှင့် ငါးပတ်ချောင်းရွာများကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲချခဲ့ရာမှ ပြည်သူများ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် သက်ကြီးရွယ်အိုအမျိုးသမီးများပါ ပါဝင်ပြီး လတ်တလော အလောင်း ၁၅ လောင်း ကောက်ယူရရှိထားကြောင်း သိရှိရသည်။
“ပြည်သူတွေ စစ်ရှောင်နေကြရတယ်။ မနေ့ညနေပိုင်း စစ်လေယာဉ်နဲ့ ဗုံးကျဲချတာမှာ ငါးပတ်ချောင်းရွာက ပြည်သူ ၉ ဦး၊ ရေလည်မော်ရွာက ပြည်သူ ၁ ဦး၊ ရှားကွဲရွာက ပြည်သူ ၅ ဦး ပေါင်း ၁၅ ဦးအလောင်းတွေ ရရှိပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး။ “ ဟု ဒေသပြည်သူတစ်ဦး က ပြောကြားသည်။
ထို့ပြင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ မိနစ် အချိန်တွင်လည်း တံတားဦးက တက်လာသည့် Y 12 လေယာဉ်နှင့် ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာကို ၁၂၀ မမ ဗုံး ၄ လုံးကျဲချခဲ့ပြီး စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“မနက်က ရေလည်မော်က ၄ ဦး ဒဏ်ရာရတယ်ဗျ။ အရှေ့ဘက် ကမ်း ထုံးကြီးက အကြိမ်ရေများတော့ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်တယ်။ မနေ့က သေဆုံးသူတွေထဲမှာ သေဆုံးသူတွေရဲ့ အသက် အရွယ်တော့ အတိအကျမသိသေးဘူးဗျ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


