27.2 C
Yangon

နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲမတိုင်မီ ရာထူးတာဝန်များမှ အနားယူရတော့မှာလား

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့်နှစ်ကုန်ပိုင်း ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲမတိုင်မီ စစ်ဗိုလ်ချုပ်ကြီးများကို ရာထူးတာဝန်များမှ အနားယူခိုင်းရန် ရှိနေ သည်ဆိုသော သတင်းများ နေပြည်တော်တွင် ထွက်ပေါ်လာနေပြီး ယင်းသတင်းများကြောင့် စစ်ဗိုလ်ချုပ် များ ၏ မိသားစုနှင့် ဆက်နွယ်နေသော စီးပွားရေးအသိုင်းအ၀ိုင်းများအကြား စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လျက်ရှိနေ သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေဖြင့် တိုင်းပြည်တာဝန်ထမ်းများကို ဆက် လက် ထမ်းဆောင်လိုကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် မင်းအောင်လှိုင် သမ္မတ လုပ်မည်ဆိုသော သတင်းများနှင့်အတူ ဝါရင့်စစ်ဗိုလ်ချုပ်ကြီးများ အများစု မဖြစ်မနေ ရာထူးတာဝန်များမှ အနားယူရမည်ဆိုသော သတင်းများကလည်း ဆက်တိုက် ထွက်ပေါ်လျက်ရှိသည်။

မေလအတွင်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်ဘက်မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့်စစ်ဘက်မှ ဗိုလ်ချုပ်များကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသော ဆန္ဒ ရှိ၊ မရှိ မိမိကိုယ်တိုင် ဆန္ဒပြုကြရန်နှင့် စာရင်းပေးကြရန် အမိန့်ပေးခဲ့သည်။

“စစ်ဗိုလ်ချုပ်ကြီးတွေ တော်တော်များများ အနားယူရမယ်ဆိုတာက နေပြည်တော်မှာ အဟော့ဆုံးသတင်းဖြစ်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလ တုန်းကလို ထိပ်ပိုင်းက ဗိုလ် ချုပ် တော်တော်များများ အနားယူရမယ်။ အသက် ၅၆ နှစ်နဲ့အထက် အသက် ၆၀ အကြား Force to Retire သဘောမျိုး မယူမနေရ နားရမယ်ဆိုတာမျိုး ဖြစ်နေတယ်။ ရွေး ကောက်ပွဲဝင်မယ့်သူက ဝင်။ ရွေးကောက်ပွဲ မဝင်တဲ့သူကတော့ အနားယူရမယ်ဆိုတာမျိုးဖြစ်နေတာ။ တပ်အသိုင်းအ၀ိုင်းနဲ့ စီးပွားရေးသမားတွေကြားမှာတော့ သူ့ဗိုလ်ချုပ်၊ ကိုယ့်ဗိုလ်ချုပ် အငြိမ်းစားယူရင်ဆိုပြီး ခြောက်ခြောက်ခြားခြားတွေ ဖြစ်ကြတယ်” ဟု နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

နေပြည်တော်တွင် ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် အောင်လင်းဒွေး၊ ရဲဝင်းဦး၊ ညိုစော၊ မြထွန်းဦး၊ မောင်မောင်အေး၊ ထွန်းအောင်၊ ထိန်ဝင်း၊ မိုးအောင်၊ တင်အောင်စန်းတို့ကို မှီခို၍ အစိုးရ တင်ဒါ လုပ်ပိုင်ခွင့်နှင့်စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်များ ရရှိနေကြသည့် တပ်နှင့်စီးပွားရေးအသိုင်းအဝိုင်းများအကြား လက်ရှိ ရရှိနေသော အခွင့် အရေး နှင့် လုပ်ပိုင်ခွင့် အတွက် စိုးရိမ်ခြောက်ခြားနေကြသည်။

ဗိုလ်ချုပ်များနှင့် ဆက်နွယ်နေသော တပ်နှင့်စီးပွားရေး အသိုင်းအ၀ိုင်းအတွက် အစိုးရတင်ဒါများနှင့် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ယခုကာလအတွင်း လုပ်ပိုင်ခွင့်ရရှိရေး တက်သုတ်ရိုက် ချထားပေးလာကြောင်း၊ ခွင့်ပြုခဲ့ပြီးဖြစ်သော အစိုးရ တင်ဒါများအတွက် ရရန်ရှိသော ငွေကြေးများ အမြန်ရရှိရေး၊ လုပ်ကိုင်ခွင့်ပေးရန် ရှိနေသည့် တင်ဒါစီမံကိန်းများ အမြန်လုပ်ခွင့်ရရှိရေးတို့ကို တက်သုတ် ရိုက် လုပ်ဆောင်လာကြကြောင်း သိရှိရသည်။

“အစိုးရ တင်ဒါနဲ့ စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်ရဖို့ တက်သုတ်ရိုက် ပြီး ချပေးလာတာတွေ လုပ်လာကြတယ်။ အဲဒါက ဗိုလ်ချုပ်ကြီးတွေ အနားယူမယ်ဆိုတဲ့ သတင်းနဲ့ဆက်စပ်တယ်လို့ ထင်တယ်။ ဘတ်ဂျက်နှစ်အစပဲရှိသေးတယ်။ ဘဏ္ဍာရေးနှစ်အကုန်အထိ တင်ဒါတွေကို အကုန်ကြိုတင် အပြီးချပေးနေတာတွေ့ရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

အခြားတစ်ဖက်တွင်လည်း တပ်ချုပ်ဖြစ်လာမည်ဟု အကြီးအကျယ် သတင်းထွက်ပေါ်နေသော ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို မင်းအောင်လှိုင်က သူ့အနီးတွင် ပို၍ နီးနီးကပ်ကပ် ထားရှိလာကြောင်း၊ စစ်ရေးဆိုင်ရာ ကိစ္စများရပ်များတွင် ယခင်ထက်ပို၍ တာဝန်များ အပ်နှင်းလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။

“ညှိနှိုင်းကွပ်ကဲရေးမှူးက အရင်ထက် စစ်ရုံးမှာ တာဝန်တွေ ပိုပြီး ပေးလာတယ်။ တပ်ချုပ်အနီးမှာ တွဲဘက်အတွင်းရေးမှူး( ဗိုလ်ချုပ်ကြီး ရဲဝင်းဦး)နဲ့အတူ ညှိ/ကွပ်ကို ပိုပြီးတွေ့လာရတယ်။ တချို့ တပ်မတော်ရဲ့ အစည်းအဝေးတွေမှာ ညှိနှိုင်းကွပ်ကဲရေးမှူးကပဲ ဦးဆောင်ပြီး လုပ်လာတယ်။ ဒါတွေကြောင့် တပ်ချုပ်ရာထူးကို ညှိ/ကွပ်ကို ပေးတော့မယ်လို့ သုံးသပ်တယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် မွေးဖွားခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်း ဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် စစ်ထောက်ချုပ်တာ ဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ၂၀၂၃ ခုနှစ်တွင် ပူးတွဲ တာဝန်ယူခဲ့သည်။

စစ်မတိုက်ဖူးသည့် ကျော်စွာလင်းက မင်းအောင်လှိုင်ကို ဆရာလိုတစ်မျိုး၊ အဖေလိုတစ်ဖုံ ကိုးကွယ်သူဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်မှ စစ်တပ်၏ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး အဖြစ် စစ်တပ်၏ နံပါတ် ၃ ရာထူးကို မင်းအောင်လှိုင်က လွှဲပေးခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article