ရန်ကုန်၊ ဇူလိုင် ၂၁
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း အနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်းအနီးရှိ အောင်သာ (မြောက်) ရွာ နှင့် အောင်သာ(တောင်) ရွာ တွင် ခတ္တခဏ အထိုင်ချပြီး စစ် ကြောင်းထိုးရန် ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မြင်းရှင် (ခ) မြင်းသေရွာ တွင် ကြိုတင်နေရာယူပြီး စတင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးကာ ၂၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက် ၊ G-3 ကျည်ဘောက် ၃ ဘောက်၊ 5.56ကျည် ၁၀၀ ကျော်၊ G-3ကျည် ၁၀၀ ကျော်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထိတွေ့ တိုက်ပွဲသည် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 ဖြင့် ၁ ကြိမ်၊ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မြင်းရှင်(ခ)မြင်းသေရွာကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ကျနော်တို့ ကြိုတင်သတင်းရပြီး စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၀ ကောင်သေပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရတယ်။ သေနတ် ၃ လက်လည်း သိမ်းဆည်းရရှိပါတယ်” ဟု မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းနှင့် အတူ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် ၃ တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

A really nice surprise.