ရန်ကုန်၊ ဇူလိုင် ၂၁
မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၁ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းရှိ တမိုက်သာကျေးရွာမှ Alphard ကား ၂ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများသည် မြင်းခြံဘက်သို့ သွားရောက်ချိန် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက မြင်းခြံ-ပုဂံညောင်းဦးလမ်းပိုင်းတွင် ကင်း ပုန်းဝပ် အသင့်စောင့်ဆိုင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူ စစ်သား ၂ ဦးကို မြင်းခြံ ဆေးရုံသို့ ခေါ်ဆောင်မောင်းနှင်သွားကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မြင်းခြံမြို့မှ သီတာယုမွန် ဦးဆောင်သော စစ်သားများနှင့် ပြည်သူ့စစ် အင်အား ၁၅၀ခန့်ကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုံးဒရုန်းတပ်ဖွဲ့က ဒရုန်း ၂ စီးဖြင့် ဗုံး အလုံး ၃၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒရုန်းလည်း ပျက်စီးခဲ့ကြောင်း၊ မြေပြင်တွင်လည်း ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး သီတာယုမွန်စစ်ကြောင်းသည် မြင်းခြံမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက မြင်းခြံ-ပုဂံညောင်းဦး လမ်းပိုင်းကို တော်လှန်ရေး ရဲဘော်တွေ ပြန်လည်ထိန်းချုပ်နိုင်သွားမှာကို ကြောက်နေတာကြတာ။ ကျနော်တို့ ၂ ရက်တာ တိုက်ပွဲ အတွင်းမှာ ရန်သူ့ဘက်က ၁၁ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပကဖ နှင့် မလှိုင် ပကဖ ဒရုန်းတပ်ဖွဲ့ တို့လည်း ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
