27.8 C
Yangon

ဘားအံထောင်တွင် ထောင်ဝန်ထမ်းများ၏ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး သေဆုံး၊ စစ်ကောင်စီက နှလုံးရောဂါကြောင့် သေဆုံးဟု လိမ်လည်

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ ဘားအံထောင်တွင် ထောင်ဝန်ထမ်းများ၏ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး သေဆုံးသွားပြီး စစ်ကောင်စီက ကိုအောင်နိုင်စိုးသေဆုံးမှုမှာ နှလုံးရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု လိမ်လည်ထားကြောင်း သိရှိရသည်။

ဘားအံအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်နိုင်စိုးကို ဘားအံထောင်ဝန်ထမ်း ၃၀ ဦးခန့်က ဝိုင်းဝန်း ရိုက်နှက်၍ ကျဆုံးခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်က နှလုံးရောဂါကြောင့် သေဆုံးခဲ့ရသည်ဟု လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်နိုင်စိုးကို ထောင်ဝန်ထမ်းများက တန်းပိတ်ချိန် အကျဉ်းသားအချင်းချင်း စကားများ ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲကာ ပြင်ပသို့ခေါ်ထုတ်ရိုက်နှက်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့်ဒဏ်ရာများကြောင့် ကိုအောင်နိုင်စိုးသေဆုံးခဲ့ကြောင်း သိရှီရသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသား‌ ကိုအောင်နိုင်စိုးကို သတ်ဖြတ်ရာတွင် ပါဝင်ကျူးလွန်သူ ထောင်ဝန်ထမ်းများတွင် လက်ထောက်ကြီးကြပ်ရေးမှူး ကြည်ခိုင်၊ လက်ထောက်ကြီးကြပ်ရေးမှူး သွင်ထူး၊ ဒုတိယတပ်ကြပ် စိုးသူရသိန်း ၊ တပ်သား ကိုကိုဖြိုး၊ တပ်သား ချစ်ဦးဇော်၊ တပ်ကြပ်ကြီး ဝင်းမောင် တို့ဖြစ်ကြောင်း သိရှိရသည်။

“ဒီကျူးလွန်မှုဟာ ရည်ရွယ်ချက်ရှိရှိကိုမှ လူသတ်မှုကို ဝိုင်းဝန်းကျူးလွန်တာ ဖြစ်ပါတယ်။ဒီကျူးလွန်မှုကြောင့် သေဆုံးသွားတဲ့ လူကိုလည်း သတ်ဖြတ်ခဲရလို့ သေဆုံးတယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘဲ ရောဂါကြောင့် သေဆုံးတယ်ဆိုတာမျိုး ဝိုင်းဝန်းပြီးမှ လိမ်လည်ထွက်ဆိုနေကြတာကိုလည်း ကျွန်တော်တို့ သိရှိရပါတယ်။ သူတို့ ဘယ်လောက်ပဲ ထောင်တွင်းထဲမှာ လိမ်လည်ထွက်ဆိုနေပါစေ ပြင်ပမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ သက်ဆိုင်ရာ ERO တွေအနေနဲ့ မိမိတို့ရဲ့ ဒေသတွင်းမှာ ဒီလိုမျိုး မှတ်ပုံတင်နံပါတ်ကိုင်ဆောင်ပြီးမှ ဖြတ်သန်းသွားလာတဲ့ လူ‌တွေ၊ ဒီနာမည်နဲ့ သွားလာတဲ့ လူတွေကို လက်ရ ဖမ်းဆီးပြီးမှ နစ်နာသူအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ဖို့အတွက် သက်ဆိုင်ရာ တရားရေးဌာနတွေကို ဖမ်းဆီးပို့ဆောင်တာမျိုး၊ ကျူးလွန်မှုအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ ဝိုင်းဝန်းကြိုးစားပေးတာမျိုးပါ ဆောင်ရွက်ပေးကြဖို့ တောင်းဆိုပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး(ကရင်လေး) သည် ပုဒ်မ ၅၀(ည) ပုဒ်မဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံထားရသူ ဖြစ်ကြောင်း၊ ဘားအံထောင်မှ ထောင်ဝန်ထမ်းများက ယခုနှစ်ပိုင်းတွင် နိုင်ငံရေးအကျဥ်း သားများကို ပိုမို ဖိနှိပ်လာကြောင်း၊ တန်းစီချိန် ခေါင်းအနည်းငယ်လှုပ်လျှင် ချက်ချင်းခေါ်ယူ ဒေါက်ခတ်သည်အထိ လူ့အခွင့်အရေးကိုချိုးဖောက်နေကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံရေး အကျဉ်းသားကို ရိုက်နှက်သတ်ဖြတ်သည်အထိ လုပ်ဆောင်နေသည့် ပါဝင်ကျူးလွန်သူများကို သက်ဆိုင်ရာ နယ်မြေများအတွင်း တာဝန်ယူဆောင်ရွက်နေကြသော တော်လှန်ရေးအင် အားစုများအနေဖြင့် စိစစ် စစ်ဆေးဖမ်းဆီးကာ တရားမျှတမှုရရှိစေရေးအတွက် သက်ဆိုင်ရာ တရားရေးဌာနများဆီသို့ ကူညီပို့‌ဆောင်ပေးပါရန်လည်း PPNM က တောင်းဆိုထားသည်။

“ကျနော်တို့ ဒီတိုင်း ထုတ်ပြန်နေရုံနဲ့တော့ ဒီထောင်တွင်း သေဆုံးမှုတွေ လျှော့ချနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ ပိုပြီးမှ လုပ်ဆောင်ပေးကြဖို့ သက်ဆိုင်ရာ တာဝန်တွေ အလိုက် ကျွန်တော်တို့ နယ်မြေတွေမှာ လုံးခြုံရေးလမ်းပိုင်းတွေ ဆောင်ရွက်တဲ့ အခါမျိုးမှာ ကျူးလွန်သူတွေရဲ့ အမည်စာရင်းနဲ့ မှတ်ပုံတင်အမှတ်တွေကို တိုက်စစ်ပေးဖို့၊ ဒီလိုမျိုး နာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေနဲ့ လာရောက်ခဲ့သည်ရှိသော် ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဆောင်ရွက်နိုင်ဖို့ကိုလည်း တစ်ခါတည်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ – စစ်ကောင်စီက အကျဉ်းသားများနှင့်အချုပ်သားများကို ရုံးထုတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက အကျဉ်းသားများနှင့်အချုပ်သားများကို ရုံးထုတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article