27.8 C
Yangon

အကြမ်းဖက်စစ်အုပ်စုထံသို့ တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ လွှဲပြောင်းမှုများ ရပ်ဆိုင်းရန် နှင့် တရုတ် NORINCO ကို နိုင်ငံ တကာက အရေးယူရန် JFM က တောင်းဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

အကြမ်းဖက်စစ်အုပ်စုထံသို့ တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ လွှဲပြောင်းမှုများ ရပ်ဆိုင်းရန် နှင့် တရုတ် NORINCO ကို နိုင်ငံ တကာက အရေးယူရန် Justice For Myanmar(JFM) က တောင်းဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ နှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ နှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ခဲ့ရာတွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းများအရ မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချထောက်ပံ့ရာတွင် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) ၏ ဆက်လက်ကြံရာပါ နေမှုကို အတည်ပြုနိုင်ကြောင်း JFM က ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် NORINCO ထုတ် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်များလည်း ပါဝင်ကြောင်း၊ ယင်းစက်သည် တိုက်ပွဲအတွင်း မိုင်းကွင်းကို ဖြတ်ကြောင်းတစ်ခု ဖန်တီးရာတွင် အသုံးပြုကြောင်း၊ ယင်းစက်များကို စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးကို တာဝန်ယူရသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး နှင့် ၂၀၁၇ ခုနှစ် စာချုပ်အရ စစ်အုပ်စုထံ ရောင်းချပေးအပ်ခဲ့ပုံရကြောင်း သိရှိ၇သည်။

NORINCO ကုမ္ပဏီသည် စစ်အုပ်စု၏ ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးအတွက် အပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များနှင့် နည်းပညာများကို အဓိကပံ့ပိုးပေးနေသည့် ကုမ္ပဏီ ဖြစ် ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် NORINCO ကုမ္ပဏီနှင့် မြန်မာစစ်အုပ်စုတို့သည် ကာကွယ်ရေးပစ္စည်း ဆိုင်ရာ ရောင်းဝယ်မှုနှင့် ဆက်စပ်နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန် သဘောတူခဲ့ကြပြီး NORINCO ကုမ္ပဏီက ၎င်းတို့သည် မြန်မာနိုင်ငံနှင့် “ကာလရှည် ပူးပေါင်းဆောင်ရွက်မှု” တစ်ရပ်ရှိကြောင်း၊ ကာကွယ်ရေးထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို မြန်မာစစ်အုပ်စုထံ ဆက်လက်ပေးအပ်ရန်၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို တိုးချဲ့မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်း အတည်ပြုထားသည်ဟု သိရှိရသည်။

ထို့ကြောင့် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ လေ့ကျင့်သင်ကြားမှုများနှင့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများ လွှဲပြောင်းပေးအပ်မှုများ ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုသည်။

နိုင်ငံကတာအစိုးရများအနေဖြင့် NORINCO ကုမ္ပဏီအား မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း JFM က ဆက်လက် တောင်းဆိုထားသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ NORINCO ၏ ကုမ္ပဏီခွဲ China Wanbao Engineering Corporation သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅-၁၀ မီလီယံတန်ဖိုးရှိ ထုတ်ကုန်များကို မြန်မာစစ်အုပ်စုထံ တိုက်ရိုက်ရောင်းချ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် လျှို့ဝှက်ပေါက်ကြားစာတွင် NORINCO ကုမ္ပဏီသည် သင်္ဘောတင်အမြှောက်ပစ် စနစ်တစ်ခု၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်စနစ်နှင့် ဆက်စပ်ဒုံးကျည်များ၊ စစ်လက်နက် ထိန်းချုပ်ရေးစနစ်တစ်ခု၊ ပစ်မှတ်ရှာ ပဲ့ထိန်းစနစ်တစ်ခုနှင့် မြန်မာ့ရေတပ်စစ်သင်္ဘောစီမံကိန်း တစ်ခုအတွက် ဒုံးပျံထိန်းချုပ်ရေးယူနစ်များနှင့် သင်္ဘောတင်လောင်ချာများ နှစ်စုံကို ရောင်းချပေးအပ် လိုကြောင်း အတည်ပြုထားသည်။

NORINCO ကုမ္ပဏီသည် ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း များစွာသော ကုန်တင်ပို့မှုများမှ တဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးထံ ရောင်းချပေးအပ်ခဲ့သည်ဟု သိရှိရသည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း NORINCO နည်းပညာရှင်များသည် မကွေးတိုင်းအတွင်းရှိ အမှတ် (၂၀) ကပစစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အော်တိုအမြှောက်များ၊ ဆက်စပ်ခဲယမ်းများ အပါအဝင် လေယာဉ်ပစ်သေနတ်များ ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် တင်ခဲ့သည့် ဓါတ်ပုံများအရ NORINCO ကုမ္ပဏီသည် MBT-2000 တင့်ကား လေ့ကျင့်သင်မောင်းစက်တစ်ခုကိုလည်း ရောင်းချပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းစက်ကို ကျောက်ဆည်မြို့ရှိ သံချပ်ကာယန္တရား ကျောင်းတွင် စစ်သည်များအား လေ့ကျင့်သင် ကြားရန် လက်ရှိ အသုံးပြုလျက်ရှိကြောင်း၊ NORINCO ကုမ္ပဏီသည် စစ်အုပ်စုအတွက် စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာစာချုပ်များ ချုပ်ဆို နိုင်အောင် အကျိုးဆောင်ပွဲစားအဖြစ် ဆောင်ရွက်ပေးသည့် အရေးပါသောအခန်းကဏ္ဍက ပါဝင်ပြီး၊ မြန်မာစစ်အုပ်စု အရာရှိများအတွက် တရုတ်နိုင်ငံတွင်း လေ့ကျင့်သင်ကြားမှုများကို စီစဉ်ပေးလေ့ ရှိကြောင်း မြန်မာစစ်အုပ်စုနှင့် ယခင်က ဆက်နွှယ်ခဲ့သည့် လူ့စွမ်း အား သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်ဟု သိရှိရသည်။

NORINCO ကုမ္ပဏီကို တရုတ်နိုင်ငံတော်ကောင်စီက အလုံးစုံပိုင်ဆိုင်ပြီး၊ ယင်းကောင်စီသည် ကုမ္ပဏီ ၏ မဟာဗျူဟာစီးပွားရေး ဆုံးဖြတ်ချက်များနှင့် တင်ပို့မှုမိတ်ဖက်များအပေါ် ကြီးကြီးမားမား လွှမ်းမိုးမှု ရှိမည်ဖြစ်သည်။ တရုတ်ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းများအရ မြန်မာနိုင်ငံသို့ ကုမ္ပဏီမှ ပို့ကုန်များသည် တရုတ်အာဏာပိုင်များ၏ ပို့ကုန်ထိန်းချုပ်ရေးခွင့်ပြုချက်ကို ရယူရလိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article