ရန်ကုန်၊ ဇူလိုင် ၂၅
ချောင်းဦးမြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရာနှင့်ချီသော ပြည်သူများကို ဆက်လက် ဖမ်းဆီး စစ်ဆေးနေပြီး မြို့ပေါ်နေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ထိ ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက် စီးနင်းချိန်တွင် ရာနှင့်ချီသော ပြည်သူများကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးထားသူများထဲမှ မြို့သစ်ရပ်ကွက်မှ ပြည်သူ ၈ ဦးနှင့် မြို့သစ် ရပ်ကွက်နှင့် ကပ်လျက်တွင်ရှိသော ပဲပြစ်တောရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရပ်ကွက်များကို ဝင်ရောက် စီးနင်းစဉ်တွင် ပြည်သူများ၏ ဖုန်းများကိုလည်း သိမ်းဆည်းခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်နေခြင်းသည် ချောင်းမြို့ပေါ် ရပ်ကွက်အားလုံးကို စစ်တပ်က ပြန်လည် စိုးမိုးရေးနှင့် ၎င်းတို့၏ သတင်းအချက်များ ပေါက်ကြားမှုရှိခြင်းများကြောင့် ပြည်သူများကို မင်းမဲ့စရိုက်ဆန်စွာ ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဇူလိုင်လ ၁၈ ရက်နေ့တည်းက ဖမ်းဆီးတာတွေလုပ်နေတာ ဇူလိုင်လ ၂၀ ရက်နေ့မှာ သတ်ဖြတ်တာတွေလုပ်တယ်။ ချောင်းဦးမြို့ပေါ်ကို လုံးဝ နယ်မြေစိုးမိုးထိန်းချုပ်ချင်တဲ့ သဘောမျိုးပေါ့။ သူတို့လှုပ်ရှားမှုတွေကို ကျနော်တို့က သတင်းရနေတယ်ပေါ့။ အဲလိုသတင်းပေးတာတွေကို မြို့ထဲက သတင်းပေးနေတယ်လို့ ယူဆပုံရတယ်။ အဲတာကြောင့် ပြည်သူတွေကို စစ်ဆေးတယ် သတ်ဖြတ်တယ်။ ဖုန်းတွေသိမ်းတယ် အဲလိုမျိုးတွေလုပ်တယ်။ ဖမ်းခံရတဲ့ ပြည်သူတွေကတော့ ရပ်ကွက်အစုံကပဲ သတ်ဖြတ်ခံရတာကတော့ ချောင်းဦးမြို့ပေါ် မြို့သစ်ရပ်ကွက်က ၈ ယောက်နဲ့ ချောင်းဦးမြို့သစ် ရပ်ကွက်နဲ့ ကပ်လျက်မှာရှိတဲ့ ပဲပြစ်တောရွာက ၁ ယောက် အားလုံးပေါင်း ၉ ယောက်ရှိသွားပြီ သတ်ခံရတာ” ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိချိန်ထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ချောင်းဦးမြို့ပေါ် ရပ်ကွက်တိုင်းကို ဝင်ရောက်စီးနင်းနေဆဲဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူများ အပြင် နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်နေကာ မြို့ပေါ်နေ ပြည်သူအများစုသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
