ရန်ကုန်၊ ဇူလိုင် ၂၅
ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲကြောင့် ထိုင်းမျိုးချစ်အဖွဲ့က ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယားအလုပ် သမားများကို ရှာဖွေ တိုက်ခိုက်နေရာတွင် မြန်မာအလုပ်သမားတချို့ပါ စစ်ဆေး ထိုးကြိတ်ခံနေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်း ဘန်ကောက်မြို့ ၊ စမွတ်ပရကန်ခရိုင်အတွင်းရှိ ကမ္ဘောဒီးယား ခမာလူမျိုး ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်သော နေရာများသို့ ထိုင်းမျိုးချစ်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ကမ္ဘောဒီးယား အလုပ်သမားများကို ရှာဖွေကာ တိုက်ခိုက်ခြင်း၊ နှင်ထုတ်ခြင်း များ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် မြန်မာအလုပ်သမားတချို့မှာ ကမ္ဘောဒီးယား အလုပ်သမားများနှင့် မှားယွင်းကာ စစ်ဆေးခံရခြင်း၊ ထိုးကြိတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
“စမွတ်ပရကန်၊ စမ်းလုံစျေးနဲ့ တိုက်တန်းတွေဘက်မှာ ထိုင်းမျိုးချစ်လို့ ခေါ်တဲ့ နှုတ်ခမ်းမွှေး အဖွဲ့တွေ ဝင်လာတယ်။ တိုက်တွေပေါ်မှာရှိတဲ့ အလုပ်သမားတွေကို ပတ်စ်ပို့တွေယူပြီး အောက်ဆင်းလာခိုင်းတယ်။ လမ်းပေါ်မှာလည်း ဆိုင်ကယ်တွေကို တားပြီး စစ်တယ်။ အဲဒီမှာ မြန်မာတချို့ကို ခမာလို့ ထင်ပြီး ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမေးမြန်းတာတွေရှိတယ်။ နောက်တော့ ခမာမဟုတ်ဘဲ ဖာမာ့ (မြန်မာ)မှန်း သိမှ ပြန်လွှတ်ပေးတယ်။ အခြေအနေကတော့ ဆိုးတယ်” ဟု အဆိုပါနေရာတွင် နေထိုင်သော မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
အလားတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စျေးတစ်ခုတွင် မြန်မာအလုပ်သမား ၂ ဦးကို ကမ္ဘောဒီးယား အလုပ်သမား ထင်မှတ်၍ ထိုးကြိတ်သွားခဲ့သော ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ယင်းထိုးကြိတ်ခံရသော ဗီဒီယိုဖိုင်မှာလည်း အစစ်အမှန်ဖြစ်ကာ မြန်မာအလုပ်သမား ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိမှု ကြီးကြီးမားမား မရှိခဲ့ကြောင်း သိရှိရသည်။
“ဟုတ်တယ်။ အခု လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ မြန်မာ ၂ ဦး စျေးထဲမှာ အရိုက်ခံရတာမှန်ပါတယ်။ အဲဒီ ဘရားသားတွေနဲ့ အဆက် အသွယ်ရတယ်။ ဒဏ်ရာကြီးကြီးမားမားတော့ မရပါဘူး။ ဖြစ်စဉ်က မှန်တယ်” ဟု ဘန်ကောက်မှ မြန်မာအလုပ်သမားတစ်ဦးကလည်း ပြောဆိုသည်။
လက်ရှိ ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲအခြေအနေမှာ ဒုတိယနေ့အဖြစ် ပိုမို အရှိန်တက် လာနေပြီးယင်းအခြေအနေအပေါ် ထိုင်းရောက် မြန်မာနိုင်ငံသားများ၊ ကမ္ဘောဒီးယားရှိ မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိပြု သွားလာနေထိုင်ကြရန်၊ နှစ်နိုင်ငံစစ်ပွဲ ပဋိပက္ခကို မီးလောင်ရာ လေပင့် လုပ်သည့် အရေးအသားများ လူမှုကွန်ရက်တွင် မျှဝေခြင်းမပြုလုပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ထိုင်းနိုင်ငံရောက် အလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းပြောဆိုထားသည်။
ဓာတ်ပုံ- ယမန်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ စမွတ်ပရကန်ခရိုင်အတွင်းတွင် ထိုင်းမျိုးချစ်အဖွဲ့များက ဝင်ရောက်ပြီး ရွှေ့ပြောင်း အလုပ်သမားနေထိုင်သော နေရာများကို ဝင်ရောက်စစ်ဆေးကြစဉ်။
