26.8 C
Yangon

စစ်တပ်နှင့်ဆက်နွယ်နေသော မြန်မာခရိုနီနှင့် လက်နက်ပွဲစား ၄ ဦးကို အမေရိကန်က စီးပွားရေးအရေးယူပိတ်ဆို့ထားမှုမှ ဖယ် ရှားပေးခဲ့မှုအပေါ် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက အကောင်းမြင်၊ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့်စစ်တပ်ခေါင်းဆောင်များအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်နေ

Must read

ရန်ကုန်၊ဇူလိုင် ၂၈

အကြမ်းဖက်စစ်တပ်နှင့်ဆက်နွယ်နေသော မြန်မာခရိုနီနှင့် လက်နက်ပွဲစား ၄ ဦးကို အမေရိကန်က စီးပွားရေး ဒဏ်ခတ် အရေးယူပိတ်ဆို့ထားမှုမှ ဖယ်ရှားလိုက်မှုအပေါ် နေပြည်တော်မှ စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက အကောင်းမြင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီနှင့် ဆက်နွယ်နေသော KT Services & Logistics ကုမ္ပဏီပိုင်ရှင် ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီပိုင်ရှင် စစ်တိုင်းအောင်၊ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် တင်လတ်မင်းတို့ကို စီးပွားရေးပိတ်ဆို့ထားမှုများမှ ဖယ်ရှားပေးခဲ့သည်။

အဆိုပါ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမေရိကန်သမ္မတထံ ပေးစာကြောင့်ဟု နေပြည်တော် စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုကြပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချီးမွမ်းပြောဆိုနေကြသည်ဟု သိရှိရသည်။ အမေရိကန်ဘက်ကမူ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးခြင်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စာနှင့် မပတ်သက်ကြောင်း ပြောဆိုထားသည်။

” မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေကို စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးတာက အပြုသဘောဆောင်တယ်။ ဒါက ပထမအဆင့် ကနဦး ဖြစ်တယ်ပေါ့။ တပ်ချုပ်ရဲ့ သံတမန်ရေး အပြုသဘောပါတဲ့ စာကြောင့် ဒီလိုမျိုး ရလဒ်ရတယ်လို့ သုံးသပ် ချီးမွမ်းကြတယ်။ မကြာခင်မှာ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံနဲ့ တပ်မတော်ခေါင်းဆောင်တွေ အပေါ် ပိတ်ဆို့ အရေးယူထားမှုတွေကို သမ္မတကြီး ထရမ့် ဖယ်ရှားပေးမယ်လို့ ဒီဘက်မှာ မျှော်လင့်ကြတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပြန်ပြီးကောင်းမွန်နိုင်မယ်လို့ လည်း သုံးသပ်ကြတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က အမေရိကန်နှင့် ပြန်လည် ပြေလည်စေရေး၊ ကုလသမဂ္ဂတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာကို စစ်ကောင်စီက ပြန်လည်ရရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ စစ်ကောင်စီ၏ အကြံပေးနှင့် ဗဟိုဘဏ်ဒါရိုက်တာ ဒေါက် တာဇော်ဦး အပါအဝင် အမေရိကန်အခြေပြု စစ်တပ်လိုလားသူတချို့၊ ပြည်တွင်းရှိ ဦးကိုကို ဦးဆောင်သော The Myanmar Narrative Think Tank (MNTT) တို့က ဦးစီးကာ နည်း လမ်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း၊ မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း အမေရိကန်ပြည်ထောင်စုနှင့် ပြန်လည်ပြေလည်ရေးအတွက် လိုအပ်သော ငွေကြေးသုံးစွဲမှုများနှင့် အာဏာသုံးစွဲခွင့် များကို တိုက်ရိုက် ခွင့်ပြုပေးထားကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုသို့ နှစ်နိုင်ငံ အခွန်ကောက်ခံမှုကိစ္စအတွက် ညှိနှိုင်းဆွေးနွေးရန် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တစ်ခု သွား ရောက်ရန်ရှိနေပြီး ယင်းကိုယ်စားလှယ်အဖွဲ့ ကို နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက ဦးဆောင်ဖွဲ့စည်းထားကြောင်း၊ ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သော သူများကိုမူ အသေးစိတ်မသိရှိရသေးကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article