26.8 C
Yangon

“စစ်အုပ်စုကို အမြစ်ပြတ် ဗုံးဗုံးလဲကျအောင် တိုက်ဖို့ဆိုလို့ရှိရင် စစ်ရေးကို အဓိက အနေနဲ့တိုက်ရမယ်။ ကွန်မြူနစ်တွေက စင်ပေါ်တက်မှ မဟုတ်ဘူး၊ စင်အောက်မှာ နေနေ၊ စင်နောက်မှာ နေနေ ကိုယ့်တိုင်းပြည်လွတ် မြောက်တယ်ဆိုရင် ဘယ်နေရာကပဲ ပုခုံးထမ်းတင် ပေးရ ၊ ပေးရ လူထုကို တတ်နိုင်သလောက် အလုပ်အကျွေး ပြုနေတယ်”

Must read

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အထွေထွေအတွင်းရေးမှူးရဲဘော် နီနီကျော်နှင့်တွေ့ဆုံခြင်း အပိုင်း (၁)

By ရန်ကုန်ခေတ်သစ်

စစ်အာဏာသိမ်းပြီးနောက် လူထုနွေဦးတော်လှန်ရေးနဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ လွတ်မြောက်ရေး တပ်မ တော် PLA က တကျော့ပြန် ပေါ်ပေါက်လာပါတယ်။ PLAဟာ စစ်ကိုင်းဘက်မှာ နွေဦးတော်လှန်ရေးစတင်ကတည်းက လုပ်ရှားနေပေမယ့် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ ကနေ ခွဲထွက်သွားခဲ့တဲ့ MNDAA ရဲ့ ၂၀၂၇ စစ်ဆင်ရေးတွေနဲ့အတူ ပြည်သူလူထုက ပြန်သတိထားမိလာတာပါ။

အခုတော့ စုဖွဲ့မှုအားကောင်းကောင်းနဲ့ အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို ပစ်ချနိုင်ခဲ့တဲ့ အထိစစ်ဆင်ရေး အောင်မြင်မှုတွေ ရရှိလာနိုင်ခဲ့ပါတယ်။အဲဒီတော့ အသစ်စုဖွဲ့လိုက်တဲ့ PLAဆိုတာဘာလဲ။

သူတို့ရဲ့ မူဝါဒတွေက ဘယ်လိုရှိလဲဆိုတာ သိရအောင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အထွေထွေ အတွင်းရေးမှူးရဲဘော် နီနီကျော်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။

မေး။ ။ ဆရာမရဲ့ အမည်နဲ့ PLA မှာ တာဝန်ယူထားတဲ့ အပိုင်းလေး မိတ်ဆက်ပေးပါရှင့်။

ဖြေ။ ။ ကျွန်မ နာမည်က ရဲဘော် နီနီကျော်ပါ ။ People Liberation Army ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က အထွေထွေအတွင်းရေးမှူးပါရှင့်။

မေး။ ။ လက်ရှိ PLA က ပုလဲနယ်မှာလည်း လှုပ်ရှားတယ်။ တခြား ဘယ်နေရာမှာ လှုပ်ရှားတာ ရှိသေးလဲရှင့်။ စစ်ရေးလှုပ်ရှားတာနဲ့ ပတ်သက်ပြီး ဘယ်နယ်မြေမှာ လှုပ်ရှားနေလဲ ပြောပေးပါဦး ဆရာမ။

ဖြေ။ ။ ကျွန်မတို့ PLA က ပုလဲ ကန့်ဒေါင့် နယ်မြေတစ်ကြောမှာလည်း လှုပ်ရှားတယ်။ စစ်ကိုင်းတိုင်းမှာလည်း တန့်ဆည် ခင်ဦး မြို့နယ် ၁၀ မြို့နယ်ကျော်မှာ ရှိတယ် လှုပ်ရှားတယ်။ နောက်တစ်ခုက တနင်္သာရီတိုင်းမှာလည်း လှုပ်ရှားတယ်။ နောက်တစ်ခုက မိုးမိတ် တွင်းငယ်ဘက်မှာ ကျွန်မတို့တွေ တိုက်ပွဲဝင်တာ ရှိတယ်။ မိုးမိတ်မှာလည်း မိုးမိတ်ဗျူဟာ တိုက်တဲ့အထဲမှာ ပါတယ်။ မိုးကုတ်ကို တိုက်တဲ့အချိန်မှာလည်း မိုးကုတ်နဲ့ သပိတ်ကျင်းလမ်းတစ်ကြောပေါ့ ။ ကျွန်မတို့ PLA နှစ်သုံးလုံး တပ်ဖွဲ့ရှိတယ်။ ကျွန်မတို့တွေက တာဝန်ယူတိုက်ခိုက်တယ်။ အဲဒီမှာ ခလရ ၁၄၈ သိမ်းတာတို့၊ နောက် ၇ မိုင်တိုက်တာတွေ၊ အခု ကျောက်ကြီး ၇ မိုင်တိုက်တာတွေ ကျွန်မတို့ PLA က ပူးပေါင်းတိုက်နေတယ်။ မန္တလေး PDF တို့ TNLA တို့ မဟာမိတ်တွေနဲ့ပေါင်းပြီးတိုက်နေတယ် မိုးကုတ်ဗျူဟာတို့နဲ့ ။

မေး။ ။ ပုလဲမှာလည်း လေယာဉ်ပစ်ချတာနဲ ပတ်သက်လို့ တခြားအဖွဲ့တွေနဲ့ ဆရာမတို့နဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့တယ်။ ဆရာမတို့ဘက်ကလည်း ဆရာမတို့ ပစ်ချလို့ ဆိုတော့လေ အဲဒီအဖြစ်အပျက်နဲ့ အကြောင်းအရာလေးကို ပြန်ပြောပြလို့ ရမလားရှင့်။ ဘယ်လိုများ ဖြေရှင်းသွားခဲ့လဲရှင့်။

ဖြေ။ ။ အဲဒီနေ့တုန်းက ဇွန်လ ၁၀ ရက်နေ့ ၁၂ နာရီ ၁၅ မှာ ကျွန်မတို့ မြေပြင်တပ်ဖွဲ့တွေဆီက သတင်းဝင်လာတယ်။ သူတို့ ဂျက်ဖိုက်တာတစ်စင်းပစ်ချလိုက်တယ်ဆိုတဲ့ သတင်းဝင်လာတယ်။ အဲဒီမှာ မီးခိုးလေးတွေ တက်လာတဲ့ ပုံနဲ့ တက်လာတယ်။ တက်လာတော့ ကျွန်မတို့က အဲဒါ မီးခိုးလေးပဲ တက်တဲ့ ပုံပဲဆိုတော့ သတင်းတင်ဖို့က သိပ်မပြည့်စုံသေးဘူး ။ အဲဒီတော့ ပြည့်ပြည့်စုံစုံ ပုံလေးတွေ ရအောင် သွားပြီးတော့ ယူဆိုတော့ ပျက်ကျသွားတဲ့ နေရာနဲ့ ပစ်တဲ့ နေရာ နည်းနည်းဝေးတယ်လေ။

ဝေးတဲ့အခါကျတော့ အဲဒီအချိန်မှာ သတင်းတွေက နည်းနည်းတက်နေပြီ။ ပကဖ ပစ်ချတယ်တို့ သတင်းလေးတွေက စတက်ပြီ ဆိုတော့။ ကျွန်မတို့က အစက ကန့်ဒေါင့်တိုက်ပွဲသတင်းက မတင်သေးဘူး အားလုံးအောင်ပွဲရမှ တင်မယ်လို့ စီစဉ်ထားတာပေါ့နော် ဒါပေမဲ့ လေယာဉ်က ပစ်ချလိုက်တဲ့ အချိန်မှာကျတော့ ဒီသတင်းက ဒါ အားလုံးလည်း စိတ်ဝင်စားတဲ့ သတင်းဆိုတော့ တင်မှာ ဖြစ်တော့မယ်ဆိုပြီး ။ ကျွန်မတို့ မတင်ခင်ကတည်းကလည်း ပကဖ တွေက နည်းနည်းတင်ထားတယ်တဲ့ အင်တာဗျူးတွေတောင် ဗျူးနေပြီ မြန်မြန်တင်မှပဲ ရတော့မယ်ဆိုတော့ ဒီ မီးခိုးတွေ ထွက်နေတဲ့ အဲဒီတစ်ပုံနဲ့ အရင်ဆုံးတင်လိုက်တာပေါ့။ နောက်မှပဲ ဓာတ်ပုံတွေ သွားယူဆိုတော့ ပျက်ကျတဲ့ နေရာနဲ့ ပစ်တဲ့နေရာ ဝေးတော့ သူတို့ သွားယူနေတဲ့ အချိန်မှာ နဂိုထဲကိုက အဲဒီနားမှာ ပကဖတွေ ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲဝင်တဲ့ အချိန်မှာတော့ သူတို့ ဝင်တိုက်တာ မရှိဘူး။ ဒါပေမဲ့ အဲဒီမှာ သူတို့ နယ်မြေတွေမှာ ရှိနေတယ်။

ဝင်တိုက်တဲ့ ပကဖ တွေက စစ်ကိုင်းတို့ ဘာတို့ ပကဖတွေ ရှိတယ်။ ပုလဲတို့ဘာတို့ ပကဖတွေကျ တချို့ကျတော့ ဒဏ်ရာရတဲ့အချိန်မှာ ဆေးနည်းနည်းပါးပါးကုတဲ့အချိန်ကူတာမျိုးတွေတော့ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ တိုက်ပွဲဝင်တိုက်တဲ့အထဲမှာတော့ မပါဘူး။ ဒါပေမဲ့ လေယာဉ်ပျက်ကျတဲ့ဆီကို သူတို့ အရင်ဆုံး ရောက်သွားတယ်။ ရောက်သွားပြီတော့ နောက်ပိုင်းကျတော့ သူတို့ ပစ်ချတယ်ဆိုတဲ့ အသံတွေပါ ထုတ်လာတဲ့အခါကျတော့ တကယ်ကတော့ ကျွန်မတို့ ရဲဘော်ပစ်ချလိုက်တာ ကြိမ်းသေတယ်။ အဲဒီတော့ ကျွန်မ ဒီသတင်းကို ဆရာ ဦးရည်မွန်ဆီကိုလည်း ပို့လိုက်တယ်။ ဆရာကလည်း Congratulation ပါတဲ့တယ်။

ကျန်တဲ့ ဗိုလ်ချုပ် တာဘုန်းကျော်တို့ မဟာမိတ်အဖွဲ့တွေ အကုန်လုံး သိတဲ့လူတွေကလည်း လာပြီးပြောတယ် ဂုဏ်ယူပါတယ်တဲ့။ လာပြောတဲ့အခါကျတော့ ကျွန်မတို့ကလည်း အေးပေါ့ ဂုဏ်ယူတာပေါ့ ဒီလိုမျိုး ဂျက်ဖိုက်တာ တစ်စင်းပစ်ချဖို့က မလွယ်ဘူးလေ။ အရမ်းဂုဏ်ယူတဲ့အချိန်မှာ သတင်းတွေက တက်လာတယ်။

တက်လာတဲ့အခါ ကျွန်မတို့က ရှင်းရင် စကားက ပွတ်တိုက်မှုတွေ အရမ်းများသွားတယ်ဆိုရင် ကိုယ့်ရဲဘော်တွေချည်းပဲလေ တစိမ်းလည်း မပါဘူးဆိုတော့ ကျွန်မတို့က သိပ်လည်း အငြင်းမပွားချင်ဘူး ။ ကျွန်မတို့မှာ တခြားအရေးကြီးတာတွေလည်း ရှိနေတဲ့အခါကျတော့ ထားလိုက်ပါ အကြီးအကဲတွေ ကိုယ်တိုင်ကလည်း အသိအမှတ်ပြုထားပြီးပြီ။ တခြား မဟာမိတ်တွေ၊ စစ်ရေးကျွမ်းကျင်တဲ့လူတွေက အသိအမှတ်ပြုထားပြီးပြီဆိုတော့ အထူးလည်း ပြောစရာမလိုဘူးပေါ့။

နောက်ပြီးတော့ မြေပြင်မှာ အတူတွဲတိုက်တဲ့ မဟာမိတ်တွေ ရှိတယ်။ ဥပမာ ABSDF တို့ တခြား မဟာမိတ်တွေကလည်း ဟုတ်တယ်၊ ကျွန်မတို့ တပ်က ရဲဘော်တွေ ပစ်ချလိုက်တာ မှန်တယ်ဆိုတဲ့ဟာကို အကုန်လုံးက ပြောထားပြီးပြီ။ ကျွန်မတို့ကလည်း မေးပြီးပြီလေ။ ကျွန်မတို့ ရဲဘော်တွေ ပြောတာ ပြည့်စုံရဲ့လားဆိုတာ။ ဒီနယ်တစ်ကြောမှာ ပစ်ချနိုင်တဲ့ဟာ ကျွန်မတို့ပဲ ကိုင်တယ်ဆိုတဲ့ဟာ အားလုံးကလည်း အသိအမှတ်ပြုတယ်။

အဲဒီတော့ ကျွန်မတို့လည်း မရှင်းတော့ဘူး၊ ဒီနယ်မှာလည်း ဒေသခံတွေက သိတယ်၊ မဟာမိတ်တွေက သိတယ်။ ဒီမဟာမိတ် ခေါင်းဆောင်တွေကလည်း အသိအမှတ်ပြုထားပြီဆိုတော့ ဒီဟာကို အကျယ်တဝံ့လိုင်းပေါ်မှာ မရှင်းတော့တာ ။ ရှင်းတယ်ဆိုရင် အပြန်အလှန်တွေ လျှောက်ပြီးတော့ ပြောတယ်ဆိုရင် အားလုံးနဲ့ စိတ်ဝမ်းထပ်ကွဲစရာတွေ ဖြစ်မယ်ဆိုတာ ကျွန်မတို့က မပြောဘဲနဲ့ ထားလိုက်တော့တာပေါ့နော်။ အမှန်တကယ်ကတော့ ကျွန်မတို့ PLA က ပစ်ချလိုက်တာရှင့်။

မေး။ ။ လက်ရှိ ပုလဲ ကန်ဒေါင့် အခြေအနေလေး ပြောပြပေးပါဦးရှင့်။ ဘာလို့လဲဆိုတော့ အင်မထီးမှာက အင်အားတွေ ဖြည့်ပြီးတော့ ထပ်ပြီးတော့ ကန်ဒေါင့်ကို စစ်ကြောင်းထိုးဖို့ သတင်းတွေလည်း ရှိနေပြီဆိုတော့လေ အဲဒီက အခြေအနေလေးလည်း ပြောပြပေးပါဦး ဆရာမ။

ဖြေ။ ။ ကန့်ဒေါင့်က ဇီးဖြူကုန်းနဲ့က နည်းနည်းဝေးတယ်။ အင်မထီးနဲ့ ပိုနီးတယ်။ အဲဒီတော့ သူတို့ကလည်း ကန့်ဒေါင့်ကနေ လက်လွှတ်ပြီး ထွက်ပြေးတဲ့အချိန် အင်မထီးထဲမှာ နဂိုရှိတဲ့ ပျူတွေနဲ့ စစ်ခွေးတွေ ပူးပေါင်းတာတွေတော့ ရှိတယ်။ နောက်ထပ် စစ်ကူတွေ ပို့တာတော့ ရှိတယ်။ ပို့ပြီးတော့ အင်မထီးထဲကနေ ကန့်ဒေါင့်ဘက်ကို စစ်ကြောင်းထွက်လာတယ်။ ဒါပေမဲ့ အင်မထီးနဲ့ ၁ နာရီလောက်အကွာ‌ နောက်ထပ် တလိုင်းကန်တို့နေရာတွေ ရှိတယ်။

အဲဒီနေရာတွေမှာ ကျွန်မတို့ ရဲဘော်တွေက ပိတ်ဆို့ပြီးတော့ တားဆီးပြီး တိုက်ပွဲတွေ တိုက်တော့ သူတို့ စစ်ခွေးတွေက နောက်လန်ပြီးတော့ တက်ပျက်ပြီးတော့ ပြန်ဆုတ်ဝင်သွားတယ်။ သူတို့က တလိုင်းကန်တို့ မှာ နေရာယူထားတယ်။ အင်မထီးကနေ အနောက်ဘက်ကို တစ်နာရီလောက် ထွက်ပြီးတော့ ကာပြီးတော့ နေရာယူထားတယ်။ အခုနောက်ပိုင်းကျတော့ သရက်ကန်တွေ ဘာတွေကိုလည်း စစ်ခွေးတွေက မီးရှို့ပြီးတော့ ၊ ရွာကို မီးရှို့တယ်လို့ ကြားတယ်။

အစက ကျွန်မတို့ တလိုင်းကန်တို့ဘက်မှာ နေရာယူတာ နောက်ကျ နည်းနည်းဆုတ်ပေးလိုက်တော့ သူတို့က အဲဒီရွာတွေထဲ ဝင်ယူလိုက်ပြီး အဲဒီရွာကို မီးရှို့တယ်လို့ သတင်းကြားတယ်။ ရှေ့ကိုတော့ ရှေ့ဆက်တိုးလို့ မရဘူး။ နောက်ပြီးတော့ တစ်ခါတလေကျရင် ဒရုန်းတွေနဲ့ လိုက်ချတာတွေတော့ ရှိတယ်။ ကျွန်မတို့ ရှိနိုင်မယ်လို့ ထင်တဲ့နေရာတွေ တစ်ခါတလေကျ ပြည်သူလူထုရှိတဲ့ နေရာတွေကို တမင်လိုက်ချတာတွေ ရှိတယ်။

မေး။ ။ လက်ရှိတိုက်ပွဲတွေမှာလည်း အတူတူ ဖော်ဆောင်နေတာ ရှိတော့ PLA နဲ့ NUG က ဘယ်လို ဆက်ဆံရေးမျိုးရှိလဲ။ နောက်တစ်ခုက NUG အစိုးရက ဒီမိုကရေစီ စနစ်နဲ့ သွားမယ်၊ ဆရာမတို့ PLA ကလည်း ကွန်မြူနစ်စနစ်နဲ့ သွားမယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘယ်လိုမျိုး နားလည်မှု ရှိကြသလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကျွန်မတို့က အဓိက က လူတွေတွေ တစ်ရပ်လုံး လိုချင်တာကတော့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို သွားချင်တာပေါ့နော်။ ကျွန်မတို့ ကိုယ်တိုင်ကလည်း ရှစ်လေးလုံးတို့ ဘာတို့မှာ ပါခဲ့တာပဲ။ NLD တို့ဘာတို့ ဖြစ်တည်ရေးမှာ ကျွန်မတို့ နောက်ကနေ အများကြီး ကူညီပေးခဲ့တာတွေ ရှိတယ်။ နောက်ပိုင်းတွေ ရွေးကောက်ပွဲတွေ ဘာတွေသာ မဝင်တာ။ ကျွန်မတို့က ဒီတောထဲတွေ တော်လှန်ရေးထဲတွေ ရောက်သွားတော့ NLD နဲ့ အဆက်ပြတ်သွားတာပေါ့နော်။

NLD ထဲမှာ သူတို့တွေ အုပ်ချုပ်နေတဲ့အချိန်မှာလည်း ကျွန်မတို့က ဘာမှ ပြဿနာ ဘာမှ လုပ်တာ မရှိဘူး။ ဒါပေမဲ့ ကျွန်မတို့က ဘယ်အစိုးရပဲ တက်တက် ဘယ်ခေါင်းစဉ်နဲ့ပဲ တက်တက် ပြည်သူလူထုပေါ့၊ တကယ့် နင်းပြား။ မြန်မာပြည်မှာ ရှိတဲ့ နင်းပြား ၉၉ ရာခိုင်နှုန်းသော နင်းပြား ပြည်သူတွေ မလွတ်မြောက်ဘူး သူတို့ဘဝတွေ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်နေတယ်၊ အလုပ်သမား လယ်သမားတွေ၊ မြို့နေ ဆင်းရဲသားတွေ ၊ ကျောင်းသားတွေ အခက်အခဲတွေ ၊ အကျပ်အတည်းတွေ ဖြစ်နေရင်တော့ ဝေဖန်တာ ထောက်ပြတာကတော့ လုပ်တယ်။

ကျွန်မတို့ သူတို့ သွားရ လာရ အုပ်ချုပ်ရခက်အောင်တော့ ကျွန်မတို့ ဘာတစ်ခုမှ မလုပ်ခဲ့ဘူးလေ။ NLD ခေတ်မှာလည်း ကြည့်လိုက်ပေါ့။ NLD ဖြစ်ပေါ်ရေးကို ကျွန်မတို့က အများကြီး ကူညီပေးခဲ့တာ။ အဲဒါကြောင့် ကျွန်မတို့ရဲ့ နောက်ဆုံးသွားချင်တဲ့ ပန်းတိုင်ကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ သွားချင်တဲ့ လမ်းစဉ်ကို သွားချင်တယ်။ ဒါပေမဲ့ အဲဒါကလည်း ဟိုးအဝေးကြီး လိုသေးတယ်။ ကျွန်မတို့က တကယ့် လူမျိုးတွေ၊ ဘာသာတွေ မခွဲခြားတဲ့ ၊ ဆင်းရဲ ချမ်းသာ မကွာခြားတဲ့၊ ဘာသာတွေ မတူလို့ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားပြီး သတ်ဖြတ်နေတဲ့ လူ့အဖွဲ့အစည်းကနေ ဘာသာမခွဲ လူမျိုးမခွဲ ဆင်းရဲချမ်းသာတွေ မကွာဟဘဲနဲ့ နယ်စည်းတွေ မခြားဘဲနဲ့ ကိုယ်လုပ်နိုင်တာ ကိုယ်ယူ လုပ်နိုင်သလောက်လုပ်၊ ပြီး ကိုယ်လိုသလောက်ပဲ ကိုယ်ယူ၊ မလုပ်နိုင်တဲ့ လူတွေ မျှတပေးပေါ့။ အဲဒီလိုမျိုး လူသားဆန်ဆန် စိတ်တွေနဲ့ သွားတဲ့ လှပတဲ့ ၊ စစ်တွေလည်း မရှိတဲ့ ငြိမ်းချမ်းတဲ့ လောကကြီး လောကသစ်ကြီး မြင်ချင်တယ်။ မြင်ချင်တော့ နောက်ဆုံး ရည်မှန်းချက်က အဲဒီအထိ သွားမှာ။

ဒါပေမဲ့ အခုအချိန်မှာ လူထုကလည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ပဲ သွားမယ်။ ဒီစနစ်ပဲ သွားမယ်ဆိုရင်လည်း ကျွန်မတို့က အတူတူ ဒီဟာကို အကောင်အထည်ဖော်ဖို့ ဝိုင်းပြီးတော့ ကြိုးစားနေတာပဲ။ ဘာပြဿနာမှတော့ မရှိပါဘူး။ အားလုံးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်နေတာဆိုတော့ ။

မေး။ ။ အရင်တုန်းက ကွန်မြူနစ်ကို ရှုတ်ချကြတယ်။ လက်ရှိ PLA က ကွန်မြူနစ်အနေနဲ့ ပေါ်လာတဲ့ အချိန်မှာ ပြည် သူလူထုရဲ့ ထောက်ခံမှုအနေအထားနဲ့ အရင်တုန်းက အနေအထား ဘယ်လိုမျိုးကွာခြားသွားလဲရှင့်။ လက်ရှိ ပြည်သူလူထုက ဘယ်လိုမျိုး ထောက်ခံပေးကြလဲဆိုတာလေး ရှင်းပြပေးပါဦး။

ဖြေ။ ။ အရင်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်နေတဲ့ အချိန်ပေါ့နော်။ ကျွန်မတို့က အမျိုးသားရေးတွေနဲ့ စည်းရုံးတာပေါ့။ နိုင်ငံခြားသား ဖက်ဆစ်တွေကို တိုက်ရမယ်။ အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီ နယ်ချဲ့ကို တိုက်တဲ့အချိန်မှာလည်း အဲဒီလိုမျိုး အမျိုးသားရေးတွေနဲ့စည်းရုံးပြီး တိုက်တာပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ ကွန်မြူနစ် ဗိုလ်ချုပ်အောင်ဆန်းသွားချင်တဲ့ လမ်းစဉ်ကတော့ ဗမာပြည်မှာ ရှိတဲ့ လူဦးရေ သန်း ၅၀ ရှိရင် ၅၀ လုံးက တစ်ယောက် တစ်ကျပ်နှုန်း ရရင်လည်း အတူတူ၊ တစ်ယောက်ကို ညီညီမျှမျှ စနစ်နဲ့ သွားမှာပေါ့နော်။

ဗမာပြည်မှာ ပြည်မမှာ လမ်းကောင်းရင်၊ လျှပ်စစ်မီးတွေ ရှိရင် တောင်ပေါ်ဒေသတွေ ၊ချင်းပြည်နယ်တို့၊ ရခိုင်တို့၊ လားဟူတို့ ၊ လီဆူးတို့ ဘယ်လူမျိုး ဘယ်နေရာတွေပဲ ဖြစ်ဖြစ် အဲဒီလို တန်းတူအခွင့်အရေးတွေ ရတဲ့ဟာမျိုးကို ဗိုလ်ချုပ်က မြင်ချင်ခဲ့တာ၊ အဲဒီအတိုင်း သွားချင်ခဲ့တာ ကွန်မြူနစ်စနစ်က သွားချင်ခဲ့တာ။ အဲဒီအချိန်မှာ ဖက်ဆစ်ဂျပန်တွေက ပြည်သူလူထုကို ဒုက္ခပေးပြီးတော့ သွေးစုပ်နေတယ်။ အင်္ဂလိပ်နယ်ချဲ့ကလည်း အင်အားငယ်တဲ့ တိုင်းပြည်တွေကို ဂုတ်သွေးစုပ်တိုက်နေတော့ ကျွန်မတို့က ပြန်လှန်တိုက်တာပေါ့။ အဲဒီအချိန်က လူထုတစ်ရပ်လုံးပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းက ကွန်မြူနစ်ပါတီကို ဦးဆောင်ပြီး ဖွဲ့ခဲ့တယ်ဆိုတော့ အရင်တုန်းက ကျောင်းသားသမဂ္ဂမှာလည်း သူက အထွေထွေအတွင်းရေးမှူးလုပ်ခဲ့တာပေါ့နော်။

ဦးဆောင်ပြီးဖွဲ့ခဲ့တဲ့အချိန်မှာ ဒီတပ်ပေါင်းစုကို ကွန်မြူနစ်တွေက ဦးဆောင်တယ် လက်ဝဲသမားတွေက ဦးဆောင်တယ် ဆိုပေမယ့် လက်ယာသမားတွေရေ liberal တွေရော အကုန်ရှိသမျှ ဗမာပြည်မှာရှိတဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ပါတဲ့ ပြည်သူတွေ လူထု လူတန်းစား အလွှာပေါင်းစုံကို စည်းရုံးပြီးတော့ အင်္ဂလိပ်တွေ၊ ဂျပန်တွေကို တိုက်ခဲ့တာ။ ကျွန်မတို့ ကွန်မြူနစ်ပါတီက ဦးဆောင်တယ်၊ အများစုပါတယ်ဆိုပေမယ့် ကျန်တဲ့ လူတန်းစားတွေလည်း အကုန်စုပြီးတော့ စည်းရုံးပြီးတော့ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ ပေါင်းစပ်ပြီးမှ တိုက်ခဲ့တာ။

အဲဒီတုန်းက ဗိုလ်ချုပ်တို့က ဦးဆောင်နေတဲ့ တပ်ဦး အလံကိုင်မှာ ဦးဆောင်နေတဲ့အခါကျတော့ လူထုထောက်ခံမှုက အများကြီး ရတာပေါ့နော်။ အခု NUG က တပ်ဦးအလံကိုင်အနေနဲ့ လုပ်နေတယ် အခုခေတ်မှာ ။ ဟိုတုန်းကတော့ ကွန်မြူနစ်ပါတီက ဦးဆောင်တယ်၊ ဗိုလ်ချုပ်တို့ကိုလည်း လေးစားတယ်ဆို‌တော့ အဲဒီတုန်းက အားပေးမှုတွေ တစ်ခဲနက်ရတယ် ။ အင်္ဂလိပ်တွေကလည်း ဒီ ဗမာပြည်ကို စွန့်ခွာပြီး ထွက်ပြေးသွားတယ်။ ဗမာပြည်ကို ပြန်အပ်ခဲ့ရတယ်၊ ဂျပန်တွေရော ဆို‌တော့ လူထုထောက်ခံမှု အများကြီးရတာပေါ့။ အခုချိန်ကျတော့ ဘယ်လိုခေါ်မလဲ ၈၉ ခုမှာ ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီတပ်နဲ့ တပ်ပိုင်းတွေက နယ်စပ်တွေမှာ ငြိမ်းချမ်းရေးယူပြီး ကျန်ခဲ့တော့ ကျွန်မတို့က ပါတီပိုင်းကျန်ခဲ့တယ်။

ပါတီပိုင်းက တပ်မရှိတဲ့အခါကျတော့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလို့မရတဲ့အခါကျတော့ ကျွန်မတို့က UG မြေအောက်ဆင်းပြီးတော့ တကယ့် အရေးအခင်းတွေ ပေါ်ပေါက်ရေးတွေ အကုန်လုံး လူထုဒုက္ခရောက်တယ်ဆိုလို့ရှိရင် လူထုတွေဘက်က ရပ်တည်ပြီးတော့ လုပ်ကိုင်ပေးတာတွေ အများကြီးပေါ့။ NLD တို့ဘာတို့ ဖြစ်ပေါ်ရေးဆို ကျွန်မတို့ ကျွန်မတို့ ကွန်မြူနစ်ပါတီကလူတွေ နောက်ကနေ အများကြီး ပံ့ပိုးပြီး လုပ်ခဲ့တာတွေ အများကြီး ရှိတယ်။ အဲဒီဟာတွေကို မသိတဲ့ လူထုထဲမှာလည်း အများကြီး ရှိတယ်။ မဟာမိတ်တွေထဲမှာလည်း တချို့က သိတယ် မသိချင်ယောင် ဆောင်တာပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ ကွန်မြူနစ်တွေက စင်ပေါ်တက်မှ မဟုတ်ဘူး၊ စင်အောက်မှာ နေနေ စင်နောက်မှာ နေနေ ကိုယ့်တိုင်းပြည်လွတ်မြောက်တယ်ဆိုရင် ကျွန်မတို့ ဝမ်းသာပြီးသားပဲ။ ဒါကြောင့် ကျွန်မတို့ ဘယ်နေရာကပဲ ပုခုံးထမ်းတင် ပေးရ ၊ ပေးရ တင်ပေးခဲ့တာပေါ့။

အဲဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ရေး မတိုက်တဲ့အချိန်မှာ တောက်လျှောက် ထောင်တွေထဲမှာလည်း ကျသွားတဲ့ လူတွေ အများကြီးရှိတယ်။ လူမသိတဲ့ လူတွေ။ တောက်လျှောက် မြန်မာပြည် နိုင်ငံရေးအခင်းအကျင်းနဲ့ ကျွန်မတို့ မကင်းကွာခဲ့ဘူး။ တောက်လျှောက် လူထုကို တတ်နိုင်သလောက် အလုပ်အကျွေးပြုနေတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဆရာမကျေးဇူးပါ။ ပြီးတော့ ဒီ နွေဦးတော်လှန်ရေးကာလမှာဆိုရင် PLA က အင်အားတော်တော် တောင့်တင်းသွားပြီးတော့ ပြည်သူလူထုကို ဆရာမတို့ ဘယ်လိုမျိုး စည်းရုံးခဲ့သလဲ၊ အင်အားတောင့်တင်းဖို့ကို ဘယ်လိုစုဖွဲ့ခဲ့ပြီးတော့ ဆရာမတို့လည်း ဘယ်လိုရုန်းကန်ခဲ့ရသလဲဆိုတာလေး ပြောပြပေးပါရှင့်။

ဖြေ။ ။ ကျွန်မတို့ကကျတော့ အစတုန်းက လိုင်ဇာမှာ နွေဦးတော်လှန်ရေးစတော့ ၂၀၂၁ မတ်လ ၁၅ ရက်ဆိုရင် ကျွန်မတို့က အပတ်စဉ် ၁ စဖွင့်နေပြီ။ အဲဒီအချိန်မှာ PDF တွေ ဘာတွေ မဖွဲ့သေးဘူး။ အဲဒီအချိန်မှာ ကျွန်မတို့က လိုင်ဇာမှာ ရောက်နေပြီ။ အဲဒီကနေ စပြီးတော့ အပတ်စဉ် ၃ ၊ ၄ လောက်အထိ လိုင်ဇာမှာပဲ လုပ်ခဲ့တာ။ လုပ်ပြီးတော့မှ အပတ်စဉ် ၁၊ ၂ ၊ ၃ တွေ စုပြီးတော့ ကျွန်မတို့က ကွန်မန်ဒိုဆိုပြီးတော့ ဖွဲ့လိုက်တာ။ ၂၀၂၁ နှစ်မကုန်ခင်မှာ ကျွန်မတို့ ရဲဘော်တွေက ဒီစစ်ကိုင်းတို့ ဘာတို့ ဆင်းပြီ။ ကျွန်မတို့က ဒီလိုမျိုး ပွဲတွေ ဘာတွေနဲ့ ကြိုတာ မရှိဘူး။ ကျွန်မတို့က ခြေသံလုံလုံနဲ့ စစ်ကိုင်းထဲထိ ဆင်းသွားတယ်။

ဆင်းသွားပြီးတော့ ရဲဘော်နှင်းအောင်တို့၊ အောင်ဘညိုတို့ ရှိတယ်လေ၊ အရင်တုန်းက တိုင်းရင်းသားအရေးလုပ်တဲ့ ဗကသ။ သူဆိုရင်လည်း ခင်ဦးသားလည်း ဖြစ်တယ်၊ အဲဒီဒေသမှာလည်းပဲ ကျွန်မတို့ ရဲဘော်တွေ ဆင်းလာလို့ရှိရင် အဆင်ပြေအောင် လူထုအတွက် အလုပ်တွေ အများကြီး လုပ်ခဲ့တာတွေ ရှိတယ်။ သူ့ရဲ့ ကူညီမှုတွေနဲ့ ကျွန်မတို့ အများကြီး ခြေကုတ်တွေ ရတယ်။ ကျွန်မတို့ ရဲဘော်တွေကလည်း ရောက်တဲ့ အရပ်မှာ လူထုကို လေးလေးစားစားလည်း ဆက်ဆံတယ်၊ လူထုရဲ့ လုပ်ငန်းတွေဆို ကူလုပ်ပေးတယ်။ လူထုကို စာနာတယ် လယ်ရိတ်ချိန် စပါးစိုက်ချိန် စိုက်ပေါ့ လူထုအခက်အခဲတွေ ဝိုင်းပြီး ဖြေရှင်းပေးတယ်။

အဲဒီအပေါ်မှာ လူထုကို ယဉ်ယဉ်ကျေးကျေး ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုတော့ လူထုကလည်း သူတို့ကို စာနာတယ်။ စာနာပြီးတော့ ရဲဘော်လေးတွေက ငါတို့အတွက် တကယ်ကာကွယ်ပေးနိုင်တဲ့ လူတွေဆိုပြီး ယုံကြည်လာပြီးတော့ နောက်ပိုင်း လူထုကပဲ စောင့်ရှောက်ပေးတယ်။ တဖြည်းဖြည်းလူထုက ထောက်ခံလာတယ်။

နောက်ပိုင်းကျတော့ စစ်ကိုင်းဘက်က ရဲဘော်တွေ အကုန်စုပြီးတော့ ကိုးကန့်ဘက် ၊ စစ်လက်နက်တွေ စစ်ပညာတွေ ရဖို့ ၊ ကိုးကန့်ဘက်ကို သင်တန်းတက်ပြီးတဲ့အခါမှာ ၁၀၂၇ စစ်ဆင်ရေးထဲ ဝင်ပါပြီး လက်နက်အင်အား၊ လူအင်အား၊ စစ်ပညာပြည့်စုံလာတဲ့အခါ စစ်ကိုင်းဘက်ကို တစ်ခါဆင်းပြီးတော့ ဒီ ကန့်ဒေါင့်စစ်ဆင်ရေး တိုက်ပွဲတွေ ဝင်တာပေါ့။ အဲဒီမတိုင်ခင်တုန်းကလည်း စစ်ကိုင်းမှာ တိုက်ပွဲတွေ ဝင်သေးတယ်။ တပ်ပေါင်းစုပြီးတော့ ။ Local PDF တွေတို့ ၊ ပကဖတွေ အကုန်လုံးပေါ့ တိုက်ပွဲတွေ တိုက်မယ်ဆိုရင် အတူတွဲတိုက်တာတွေ ရှိတယ်။

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ကလည်း စစ်ကိုင်းဘက်မှာ လုပ်နေတယ်။ တနင်္သာရီဘက်မှာလည်း တိုက်ပွဲတွေ တိုက်နေတာတွေ ရှိတယ်။ အခုမှ ကျွန်မတို့က အလုံးအရင်းနဲ့ ဟိုဘက်ဆင်းသွားတော့ အရင်ဒေသခံရှိတယ်။ ကျွန်မတို့ အခံ ၈၁၅ စစ်ဒေသဆိုတာ ရှိတယ်။ ရဲဘော်တွေက ၂၀၂၁ လောက်တည်းက အဲဒီဘက်ဒေသကို ဆင်းသွားတာ။ စစ်ကိုင်းတိုင်းမှာ ခင်ဦးဘာညာဘက်မှာ ဆင်းတဲ့ ရဲဘော်တွေ ရှိတယ်။ ဟိုဘက်မှာ ဆင်းတဲ့ ရဲဘော်တွေ ရှိတယ်။ ဒေသအသီးသီးမှာ ဆင်းပြီးတော့ လုပ်နေတဲ့ ရဲဘော်တွေ ရှိတယ်လေ။ အခုတော့ လူထုထောက်ခံမှုနဲ့တိုက်ပွဲတွေ ဖော်တဲ့အပေါ်မှာ မဟာမိတ်တွေ ထောက်ခံလာပြီးတော့ နည်းနည်း အင်အားကြီးလာတာပေါ့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article