25.6 C
Yangon

တာချီလိတ်နှင့်ကလောမြို့နယ်တွင် ရေကြီးမှုများဖြစ်ပွားနေပြီး ပြည်သူထောင်ချီ ရေဘေးဒုက္ခကြုံနေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ပေါ်တွင် မယ်ဆိုင်ချောင်းရေမြင့်တက်လာသဖြင့် ရေကြီးမှုများဖြစ်ပေါ်နေပြီး လူဦးရေ ၁၀၀၀ ခန့် ဘေးလွတ်ရာ ရွေ့ပြောင်းနေရကြောင်း ကယ်ဆယ်ရေးသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းရပ်ကွက်ကို ဝင်ရောက်လာပြီး စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့်အထိ ကျော်လာကြောင်း၊ ရပ်ကွက် ၃ ခုမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ရွေ့ပြောင်းနေရကြောင်း သိရသည်။

လက်ရှိချိန်တွင် တာချီလိတ်မြို့ပေါ်ရှိ လွယ်တော်ခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် တာလော့ရပ်ကွက် မှ ပြည်သူများကို ဒေသတွင်း ပရဟိတ အဖွဲ့များက ကယ်ဆယ်ရေး စခန်း ၂ ခုဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

“အခြေအနေကတော့ ဘေးလွတ်တဲ့နေရာကို ရှောင်နေတာပေါ့။ လူထိခိုက်မှုတော့ မရှိပါဘူး။ ဘေးလွတ်ရာရွှေ့ပြောင်းနေရတာ ခန့်မှန်းခြေ လူဦးရေ ၁၀၀၀ လောက် ရှိမယ်။ ကယ်ဆယ်ရေးအနေနဲ့ကတော့ အပြင်ထွက်ချင်တဲ့လူတွေကို စက်လှေတွေနဲ့ အပြင်ကို ပို့ပေးနေတာပေါ့။ ရေလွတ်တဲ့​နေရာကို ပို့ပေးနေတာပေါ့။ မီးသတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အဲဒီလိုမျိုးတွေ လုပ်ပေးတယ်။ ကယ်ဆယ်ရေး စခန်း ၂ ခု လောက်ရှိပါတယ်။ ဖွင့်ပေးထားပါတယ်။ သူတို့နေဖို့အတွက် ထမင်းတွေလည်း ပရဟိတအသင်းတွေက ပေါင်းပြီး လှူပေးမှာ အခု စီစဥ်နေပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေအမှတ် အထက် ၅ ပေခွဲခန့်ကျော် ရောက်ရှိနေပြီး နောက် ၁ ရက်တွင် ၂ ပေခွဲမြင့်တက်လာနိုင်ကာ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင်လည်း ကလောချောင်းရေက မြင့်တက်လာသဖြင့် ကလောမြို့ ရပ်ကွက် ၄ နှင့် ရပ်ကွက် ၂ တို့တွင် နေအိမ်အများအပြား ရေနစ်မြုပ်နေပြီး ချောင်းရေမှာလည်း ရေစီးသန်စွာဖြင့် မြို့တွင်း အနိမ့်ပိုင်းနေရာများသို့ စီးဝင်ရောက်နေကြောင်း သိရှိရသည်။

“ကလောချောင်းရေ တအားတိုးနေတယ်။ ရေစီးကလည်း အရမ်းကို သန်နေတာ။ အနိမ့်ပိုင်းတွေ တော်တော်များများတော့ ရေတွေဝင်ကုန်ပြီ။ ကလောမြို့က ချောင်းဘေးမှာဆိုတော့ စိုးရိမ်ရတယ်။ တောင်ကျချောင်းရေးတွေကြောင့် ရေတွေ တအားတိုးနေတာ” ဟု ကလောမြို့မှ မြို့ခံပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ကလောနှင့်တာချီလိတ်တို့တွင် ရေကြီးမှုများဖြစ်ပွားနေစဉ်။

Photo- CJ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article