ရန်ကုန်၊ ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ပြန်လာသည့် ပြည်သူများကို ပစ်ခတ် တိုက်ခိုက်ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းက ကျုံးဒိုးမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နောင်တမံကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၂ နှစ်အရွယ် စောတင်းလေးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ၅ တိုင်ကျေးရွာမှ ပြန်လာသောရွာသား ၂ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် မန်းကျော်ရှားလာနှင့် အသက် ၄၄ နှစ်အရွယ် မန်းအကလိုက်တို့ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
မန်းကျော်ရှားလာ သည် ရေပူခင်တန်းဘက်မှ ဆိုင်ကယ်ပြန်လာပြီ ၅ တိုင်ရေပူလမ်း ဖုန်းဆိုင်အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နောက်ကြောကို ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မန်းအကလိုက်သည်လည်း ၅ တိုင်ကုန်း သစ်သီးဆိုင် အနီးတွင် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော မန်းကျော်ရှားလာ နှင့် မန်းအကလိုက် တို့၏ ရုပ်အလောင်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၅တိုင်ရွာ ကျေးရွာအုပ်စု ဆေးခန်းနေရာတွင် ပုံထားပြီး မိသားစုဝင်များကို မီးသဂြိုဟ်ခွင့်မပေးကြောင်း သိရှိရသည်။
“ကော့ကရိတ်-ကျုံဒိုးလမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေမလုပ်ဘဲနဲ့ကို ပစ်ခတ် သတ်ဖြတ်နေတာ ရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ကို ပြုလုပ်နေတာ စစ်ခွေးတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကလေးငယ် ၂ ဦး အပါအဝင် သေဆုံးသူ ၄ ဦးထိရှိလာပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကော့ကရိတ် စကခ ၁၂ တပ်ကိုလည်း ကျုံဒိုးဘက်မှ ခဲယမ်းများ ရောက်ရှိလာပြီးနောက် ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းကစတင်ပြီး မိဖာလဲရွာ အပေါ်ဘက်နှင့် အောက်ဘိုတဲ အောက်ဘက်ရှိ စော်ဟဲရွာ၊ မိချောင်းအင်း၊ မြဝတီလမ်းဟောင်းဘက်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ – ၂၀၂၃ ခုနှစ် ကျုံဒိုးတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
