33 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် ကိုယ်စားပြုမှု ပါဝင်မှု မြင့်တက်စေရေးပြုပြင်ပြောင်းလဲမည်ဖြစ်ပြီး ကျစ်လျစ်သော အစိုးရအဖွဲ့ကို ကဏ္ဍကြီး ၆ ရပ်အပေါ် အခြေခံစုဖွဲ့မည်

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် ကိုယ်စားပြုမှု ပါဝင်မှု မြင့်တက်စေရေးပြုပြင် ပြောင်း လဲရန် လေ့လာဆန်းစစ် အကြံဉာဏ်များ ရယူနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

ယနေ့ ထုတ်ပြန်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၄/၂၀၂၅” တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် အပြုသဘော ဝေဖန်ထောက်ပြ အကြံပြုသူများအားလုံးကို ကျေးဇူးတင်ကြောင်း၊ ၅ နှစ်တာကာလ ချည်းကပ်ဝင်ရောက်လာခဲ့ပြီဖြစ်၍ ယခင်နှင့်မတူညီသော အခြေအနေ အခင်းအကျင်းများပေါ်ပေါက်လာနေပြီး အဆိုပါ အခင်းအကျင်းများနှင့်အညီ ကိုက်ညီသော ပြည်ထောင်စုအစိုးရတစ်ရပ် ဖြစ်ပေါ်ရေး ဆောင်ရွက်ရန် လက်ခံနားလည်ထားကြောင်း ၎င်းက ရှင်းပြသည်။

“အမျိုးသားညီညွတ်ရေး အစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေပါတယ်။ ၂၀၂၁ မှာ စတင်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၅ နှစ်တာ ကာလကို ချဉ်းကပ်ဝင်ရောက် လာခဲ့ပြီဖြစ်သလို လွန်ခဲ့သော ၅ နှစ်ခန့်ကနဲ့ မတူညီတဲ့ အခြေအနေအခင်းအကျင်းတွေလည်း ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ ဒီလို ပြောင်းလဲနေတဲ့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီသော ပြည်ထောင်စုအစိုးရတရပ်အဖြစ် မိမိကိုယ်ကို လေ့လာသုံးသပ်ဖို့နဲ့၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကို နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေ အားလုံးအနေနဲ့ နားလည်သဘောပေါက်ထားပါတယ်” ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရကို ပိုမိုကျစ်လျစ် ထိရောက်စွာ ဝန်ကြီးဌာနများကို ကဏ္ဍကြီး ၆ ရပ်အပေါ် အခြေခံ စုဖွဲ့ ဆောင်ရွက်သည့်ပုံစံ ပြောင်းလဲဆောင်ရွက်နေကြောင်း၊ အုပ်ချုပ်ရေးအနေဖြင့်လည်း တိုင်း သို့မဟုတ် ဖက်ဒရယ် ယူနစ် အုပ်ချုပ်ရေးအစိုးရအဖွဲ့များ ပေါ်ပေါက်လာစေရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article