ရန်ကုန်၊ ဇူလိုင် ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကွတ်ခိုင်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၅ ဦးသေဆုံးကြောင်း ကွတ်ခိုင် အပါအဝင် ရှမ်းမြောက်ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သော ရဲဘော်ဂျိုကာက ရန်ကုန်ခေတ်သစ်သတင်းဌာနံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန် ကွတ်ခိုင်မြို့ပေါ်ရှိ အမှတ် ၂ ရပ်ကွက်ရှိ ရာစု ၂ ဟိုတယ်ပေါ်သို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် ဟိုတယ်နှင့်ပတ်ဝန်းကျင် နေအိမ်များတွင် ပေါက်ကွဲ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဘွားအို ၁ ဦး၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးကာ ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဒီမနက် အစောကြီး လေယာဉ်နဲ့ ဗုံးလာကျဲတာ။ ရာစု ၂ ဟိုတယ်ပေါ်ကို ဗုံးကျတယ်။ ဟိုတယ်ဘေးနားက အိမ်ပေါ် ဗုံးကျပြီးတော့ အဘွားအို ၁ ဦးနဲ့ အသက် ၁၀ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးပါတယ်။ ဒဏ်ရာရတာ ၈ ဦးလောက်ရှိတယ်။ ဒဏ်ရာ ပြင်းထန်တယ်။ သေဆုံးထိခိုက်သူတွေက စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေပါ။ တကယ်က နေ့လယ်ကတည်းက Y 12 လေယာဉ်က ဝဲနေတာ” ဟု ရဲဘော်ဂျိုကာက ပြောဆိုသည်။
ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည် လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ည သန်းခေါင်အချိန်ဖြစ်သော ည ၁၁ နာရီ ၄၇ မိနစ်အချိန် ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်အစပ် မုံးဝန်းခန်းမကြီးနှင့် KK တည်းခိုခန်းလမ်းအကြား၊ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်ပေါ်သို့ စစ်လေယာဉ်များက ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားပြီး ၂ လသားအရွယ် ကလေးငယ်နှင့် မိခင် ၁ ဦး၊ သက်ကြီးရွယ်အို ၁ ဦး စုစုပေါင်း ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ ညနေပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ညနေ ၅ နာရီ ၃၇ မိနစ်အချိန် စစ်ကောင်စီတပ်သည် မိုင်းလုံမြို၊ ခန်နီရပ်ကွက်သို့ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးကျဲချခဲ့ရာ ယင်းဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၇ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှီရသည်။
ယမန်နေ့ နံနက်ပိုင်းအချိန် မိုးကုတ်မြို အရှေ့ပိုင်း မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတိုတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစု ပေါင်း ၃ ဦး သေဆုံးခဲ့ရပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၄ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရသည်။
စစ်ကောင်စီတပ်က ယခုဇူလိုင်လအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြိုနယ်များတွင် လေကြောင်းဖြင့် စုစုပေါင်း ၂၈ ကြိမ် ဗုံးများလာရောက်ကျဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၁၃ ဦး စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး ၄၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇၆ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့ရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








