27.1 C
Yangon

ဥသျှစ်ပင်မြို့ စစ်ဆေးရေးဂိတ်တာဝန်ခံ ဗိုလ်ကြီး စိုးမင်းထွန်းနှင့်တပည့်များကို မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ၊ ငွေကျပ် သိန်းပေါင်း ၉ သောင်းကျော်၊ အဖိုးတန်ရွှေ၊ စိန်တုံးများ၊ ခြံများနှင့်ဇိမ်ခံကားများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ အဝင် စစ်ဆေးရေးဂိတ်တာဝန်ခံ ဗိုလ်ကြီး စိုးမင်းထွန်းကို မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ဖမ်းဆီး စစ်ဆေးနေပြီး ၎င်းထံမှ ငွေကျပ် သိန်း ၉ သောင်းကျော်၊ စိန်နှင့်ရွှေများ၊ ခြံကွက်နှင့်နေအိမ်များ၊ ဇိမ်ခံကားများ လက်ဝယ်တွေ့ရှိရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗိုလ်ကြီးစိုးမင်းထွန်းသည် အမှတ် ၉ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၉ ) မှဖြစ်ပြီး ဥသျှစ်ပင်မြို့ အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မူးယစ်ဆေးဝါးများ သယ်ယူမှုဖြင့် စစ်တပ်က ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းတွင် ပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၂၃ ရက်နေ့ ကံမမြို့နယ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အိမ်စီး Alphard ကားကို ဖမ်းဆီးရရှိခဲ့ပြီး ယင်းကားမှာ ဗိုလ်ကြီး စိုးမင်းထွန်း ပိုင်ဆိုင်သော ကားဖြစ်ကြောင်း၊ ယင်းကားနှင့်အတူ ဖမ်းဆီးရရှိသူ စစ်သား ၁ ဦးမှာ ဗိုလ် ကြီးစိုးမင်းထွန်းလက်အောက်ခံ တပ်မှ ဖြစ်ကြောင်း၊ အခြားလူများမှာလည်း ဗိုလ်ကြီး စိုးမင်းထွန်းနှင့်အတူနေ အရပ်သားတပည့်များဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဇူလိုင်လ ၂၃ ရက်နေ့ မကွေးတိုင်း ကံမမြို့နယ်၊ ပယ်ကျကျေးရွာအနီး ALPHARD ယာဉ် ၁ စီးကို ဖမ်းဆီးရရှိခဲ့ပြီး ယင်းယာဉ်ပေါ်တွင် ငွေကျပ် ၁၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

“မင်းတုန်း ကံမထဲမှာ ဖမ်းမိတာ ။ သူက လုပ်နေတာ ကြာလှပြီ။ မိုဘိုင်းလ်း Banking ထဲမှာကိုပဲ သိန်းပေါင်း ၉ သောင်းလောက် ဖမ်းဆီးရမိတယ်။ သူက အာဏာသိမ်းပြီးကာမှ တရှိန်ထိုး ချမ်းသာလာတာ ။ ဂိတ်ထိုင်တာလည်း ပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါးကော ။ မူးယစ်ဆေးဝါး အဓိက ကယ်ရီရိုက်တာပေါ့။ သူ့နောက်မှာ ကပစ စက်ရုံမှူးတို့၊ တပ်နယ်မှူးတို့တွေ ပါကောင်းပါနိုင်တယ်။ သူတို့ ကပစ ၉ တို့၊ ကပစ ၆ တို့၊ ကပစ ၅ တို့ အဲဒီက စက်ရုံက အရာရှိတွေကလည်း အာဏာသိမ်းပြီးကာမှ ဒီလိုမျိုး ချမ်းသာသွားတာဆိုပြီး သူ့ကို အမြင်မကြည်ဘူး။ အမြင်မကြည်ဘူးဆိုတာ သူ မဟုတ်တာ လုပ်ပြီးတော့ ချမ်းသာတယ်ပေါ့နော်။ ဂါတယ်၊ သူများတွေဆို ညောင်ဂျိုးတို့ ဘာတို့ သွားရတယ်။ သူက သွားစရာမလိုဘူး။ အာဏာသိမ်းပြီးကတည်းက ဗိုလ်တဲဂိတ်မှာ ထိုင်နေတာဆိုတော့။ ကျန်တဲ့ အရာရှိတွေကလည်း တာဝန်ချထားမှု မမျှတဘူးဆိုပြီးတော့ တပ်တွင်းမှာ သဘောထားကွဲလွဲနေကြတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ဗိုလ်ကြီးစိုးမင်းထွန်း မူးယစ်ဆေးဝါး သယ်ဆောင်မှုကို တပ်တွင်း အချင်းချင်း ပြန်လည် တိုင်တောမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းကို စစ်တပ်က စစ်ကြောရေး လုပ်နေကြောင်း သိရှိရသည်။

“အခုနောက်ပိုင်း ကိစ္စတွေက ကပစက ကောင်တွေက အတိုင်အတောထူတယ်။ တစ်ယောက်ယောက် နည်းနည်း အဆင်ပြေနေရင် သူတို့အချင်းချင်းပဲ သတင်းပေးပြီးတော့ ဖမ်းလိုက်တာ။ သူတို့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်တော့ မကြည်လို့ ဟိုတိုင် ဒီတိုင် တစ်ယောက်နဲ့ တစ်ယောက် ဟိုပစ် ဒီပစ်နဲ့ ကြားထဲကနေ မှန်သွားတဲ့ အနေအထားမျိုးပေါ့။ ရဲဘက်ကနေ အဖမ်းအဆီးတော်လို့တော့ မဟုတ်ဘူး။ ကပစ အချင်းချင်း တိုင်လို့ ဖြစ်တဲ့ ကိစ္စလို့ အဲဒီလိုမျိုးတော့ ကျွန်တော်တို့က တပ်တွင်း သတင်းရင်းမြစ်တွေဆီက ပြန်ကြားရပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဗိုလ်ကြီးစိုးမင်းထွန်းထံမှ ငွေကျပ် သိန်း ၉ သောင်းကျော်အပြင် ခြံများ၊ ရွှေတုံးများ၊ ဇိမ်ခံကားများ၊ မိဘများထံသို့ ပေးပို့ထားသည့် ရွှေငွေနှင့်လက်ဝတ်ရတနာများ စစ်တပ်က သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

လက်ရှိ စစ်တပ်၏ စစ်ကြော စစ်ဆေးချက်များအရ ဗိုလ်ကြီး စိုးမင်းထွန်းသည် မူးယစ်ဆေးဝါး သယ်ယူမှုကို လုပ်ကိုင်နေသည်မှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article