25.3 C
Yangon

မြ၀တီမြို့နယ်တွင် ဒုတိယအကြိမ် ရေကြီးပြီး သောင်ရင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၁၂ ပေခန့်ကျော်လွန်

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဒုတိယအကြိမ် ရေကြီးပြီး သောင်ရင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၁၂ ပေခန့်ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက် အရ သိရှိရသည်။

ယမန်နေ့မှစတင်ပြီး သောင်ရင်းမြစ်ရေသည် မြ၀တီမြို့နယ်တွင် တဟုန်ထိုး တက်လာခဲ့ရာ ယနေ့တွင် မြ၀တီမြို့ပေါ် နေရာအများစု ရေကြီးနေပြီဖြစ်ကြောင်း၊ အနိမ့်ပိုင်းရပ်ကွက်များမှာလည်း ရေများ ဝင်ရောက်လာသဖြင့် ယမန်နေ့ညပိုင်းမှစတင်၍ ပြောင်းရွှေ့မှုများ ပြန်လည် လုပ်ဆောင်ရကြောင်း သိရှိရသည်။

“ဒီမနက်တော့ မြ၀တီမြို့ပေါ် နေရာတော်တော်များများ ရေမြုပ်သွားပြီ။ အမှတ် ၁ ချစ်ကြည်ရေးတံတားနဲ့ မြို့လယ်ခေါင်အထိကို ရေတွေကြီးနေတယ်။ အနိမ့်ပိုင်းတွေကတော့ အကုန်မြုပ်သွားပြီ။ လူတွေကတော့ ဒုတိယအကြိမ် ထပ်ပြောင်းရတယ်” ဟု မြ၀တီမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြ၀တီမြို့တွင် ရေကြီးမှု ပထမအကြိမ်အဖြစ် ယခု ဇူလိုင်လ ၂၃ ရက်နေ့နှင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး သောင်ရင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် ၉ ပေခွဲခန့်ကျော်လွန်ခဲ့ကြောင်း သိရှိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ထုတ်ပြန်ချက်အရ မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေအမှတ် အထက်သို့ ၁၂ ပေခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

“ဒီတစ်ခေါက် ရေကြီးတာက ရေစီးအရမ်းသန်တယ်။ ရေဝင်လာရင်လည်း ချက်ချင်း၊ ရေကျသွားရင်လည်း ချက်ချင်းကြီး။ အရင်နှစ်တွေနဲ့ မတူဘူး” ဟု မြ၀တီမြို့မှ ကယ်ဆယ်ရေးပရဟိတအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article