ရန်ကုန်၊ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သုံးခွရွာအနီးရှိ ချာဂျင်ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ သုံးခွရွာအနီးရှိ ချာဂျင်ဆေးရုံကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ်များက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရှိရသည်။
“အခုအတည်ပြုလို့ ရသလောက်တော့ ပြည်သူ ၅ ဦးသေဆုံးတယ်။ ဒဏ်ရာရရှိသူလည်းများပြားတယ်။ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်။ သုံးခွကျေးရွာနားက ချာဂျင်ဆေးရုံကိုကျဲသွားတာ အရပ်သားဆေးရုံပါ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများ၊ ဆေးရုံ နှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေး အဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။
အလားတူ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်၊ လက်ပံ့ပြင်ကျေးရွာကို စစ်တပ်က လေယာဉ် ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦဒဏ်ရာရရှိကာ ကျေးရွာဘာသာရေးအဆောက်အအုံတစ်လုံးပျက်စီးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။
စစ်တပ်၏ လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘာသာရေးခန်းမဆောင် အဆောက်အအုံတစ်လုံးပျက်စီးခဲ့သည့်အပြင် လက်ပံ့ပြင်ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် စောကျော်လင်း(ခ)စောဒိုခို သေဆုံးခဲ့ကြောင်း၊ အသက် ၃၀ နှစ်အရွယ် နော်ညိုးညို ၊ အသက် ၇ နှစ်အရွယ် စောဗိုလ်စန်းဘက် ၊ အသက် ၄ နှစ်အရွယ် နော်စုသိန်းအောင်တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



