ရန်ကုန်၊ ဇူလိုင် ၃၁
အကြမ်းဖက် မင်းအောင်လှိုင်က မြို့နယ် ၆၃ ခုတွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရေန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ အရေးပေါ် အခြေ အနေ ကြေညာပြီး စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြောင်း၊ ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို စစ်တပ်ဦးစီးချုပ်ကို လွှဲအပ်ကြောင်း ကြေညာထားသည်။
မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာသော မြို့နယ်များတွင် ကချင် ပြည်နယ်အတွင်းရှိ KIA စိုးမိုးထိန်းချုပ်ထားသော မြို့နယ် ၅ ခုပါဝင်ပြီး ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်တို့ပါဝင်သည်။
ကရင်နီပြည်တွင် KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့နယ် ၃ ခုဖြစ်သည့် ရှားတော၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
ကရင်ပြည်နယ်တွင် KNU အပါအဝင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့နယ် ၂ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ဖြစ်သည်။
ချင်းပြည်နယ်တွင် CNF၊ CNDF ၊ AA အပါအဝင် တော်လှန်ရေးတပ်များ သိမ်း ပိုက်ထားသော မြို့နယ် ၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ကန်ပက် လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်တို့ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် PDF များ သိမ်းပိုက်ထားသော မြို့နယ် ၉ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ပုလဲနှင့် အင်းတော်မြို့နယ်တို့ဖြစ်သည်။
မကွေးတိုင်းတွင် PDF များ သိမ်းပိုက်ထားသော မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်များပါဝင်သည်။
မန္တလေးတိုင်းတွင် PDF နှင့် TNLA တို့ သိမ်းပိုက်ထားသော မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်မြို့နယ်တို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် AA က သိမ်းပိုက်ထားသော မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ဖြစ်သည်။
ထူးခြားချက်မှာ ရှမ်းပြည်နယ်မှ မြို့နယ် ၁၅ ခုကို စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်ပြီး ယင်းကြေညာသော နယ်မြေများတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး လုပ်ထားသော UWSA ၊ MNDAA ၊ NDAA တို့ထိန်း ချုပ်ထားသော မြို့နယ်များ ပါဝင်လာခြင်းဖြစ်သည်။
ရှမ်းပြည်နယ်ရှိ စစ်အုပ်ချုပ်ရေး ကြေညာသော မြို့နယ်များတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များဖြစ်သည့် နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တို့ ပါဝင်သည်။
ထို့ပြင် ရှမ်းပြည်နယ်အတွင်း KIA က သိမ်းပိုက်ထားသော မဘိမ်းမြို့နယ်လည်းပါဝင်သည်။
ရှမ်းပြည်နယ်တွင်ပင် စစ်တပ် နှင့်အပစ်အခတ်ရပ်စဲထားသော ကိုးကန့် MNDAA သိမ်းပိုက်ထားသော မြို့နယ်များဖြစ်သည့်သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်းတို့ကိုလည်း မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာသည်။
အထူးခြားဆုံးအနေဖြင့် စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော NDAA ထိန်းချုပ်ထားသော မိုင်းလားမြို့နယ်နှင့် UWSA သိမ်းပိုက်ထားသော ဟိုပန်မြို့နယ်တို့ကိုလည်း မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
