ရန်ကုန်၊ ဩဂုတ် ၄
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုက လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ကျေးရွာများကို တိုက်ခိုက်နေ၍ ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်မှ စတင်ပြီး ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ် သင်္ဘော အုပ်စုက မြစ်ကမ်းတစ်လျောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရှိရသည်။
“လက်နက်ကြီးတွေ အဆောက်အုံတွေပေါ်တော့ကျတယ်။ လူထိခိုက်မှုမရှိဘူးလို့ပဲသိရသေးတာ။ အသေးစိတ်က မသိရဘူး။ လက်နက်ကြီးကတော့၅ ကြိမ် လောက်ရှိမယ်။ ပါရာမော်တာကတော့ ၃ ကြိမ် ကျဲတယ်။ ခံကုန်း (ခ) ရွှေကုန်းရွာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျတယ်။ ကျောင်းပိတ်ထားချိန်ဆိုတော့ ထိခိုက်မှုမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ စစ်သင်္ဘော အုပ်စုသည် မြင်းခြံမြို့နယ် ဆိပ်ညံရေတင်ရုံးမှ ဆန်တက်လာခြင်းဖြစ်ပြီး လက်ရှိချိန်တွင် မုံရွာမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
