ရန်ကုန်၊ ဩဂုတ် ၄
ပဲခူးတိုင်း၊ မင်းလှမြို့နယ် ထွေ/အုပ်ရုံးတွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၁၈ ဦး ထွက်ပြေး လွတ်မြောက်သွား၍ မြို့ကို ပိတ်ဆို့ပြီး ရှာဖွေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂ ရက်နေ့ ညပိုင်းတွင် မင်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၁၉ ဦးသည် ထွေ/အုပ်ရုံး၌ စစ်ကောင်စီ တပ်သားများ ထွက်ခွာသွားချိန်တွင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးသွားပြီးနောက် စစ်တပ်က လိုက်လံ ဖမ်းဆီးစဉ် လူငယ် ၁ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့သော်လည်း ကျန် ၁၈ ဦးသည် ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း၊ လွတ်မြောက်နေသူများကို ပြန်လည် ဖမ်းဆီးနိုင်ရေးအတွက် စစ်ကောင်စီ တပ်သားများက မြို့ကို ပိတ်ဆို့ကာ ရှာဖွေနေကြောင်း သိရှိရသည်။
“မင်းလှမြို့နယ် ထွေ/အုပ် ရုံးမှာ စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ် ၁၈ ဦး ထွက်ပြေးလွတ်မြောက်သွားလို့ မြို့ကို ပိတ်ဆို့ပြီး ရှာဖွေနေတယ်။ သူတို့ ၁ ဦးပဲ ပြန်ဖမ်းမိတယ်။ မင်းလှမြို့နယ်ထဲက ရွာတွေက ပြည်သူတွေကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးပြီးတော့ ထွေ/အုပ်ရုံးမှာ ထားထားတာပေါ့။ လူငယ်တွေက စစ်ခွေးတွေ မရှိတုန်း ထွက်ပြေးတာ အခုခွေးတွေက ဓာတ်ပုံတွေနဲ့ လိုက်ရှာနေတယ်။ မြို့အဝင်အထွက်ကိုလည်း အင်အားထပ်တိုးထားပြီး ပိတ်ဆို့ရှာဖွေနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
မင်းလှမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး လစဉ် လူငယ် ၁၀၀ ခန့်ကို စစ်ကောင်စီ တပ်သားများက စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းပေးကာ လေ့ကျင့်ရေးသင်တန်းကျောင်းများကို ပို့ဆောင်ပေးနေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
