ရန်ကုန်၊ ဩဂုတ် ၆
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင် စခန်းသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ ၊ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် နတ်အိမ်တောင်စခန်းသို့ စစ်ကူလာသော စစ်အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား ကော့လှိုင်ရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ ၄၅ မိနစ်ခန့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားစွာဖြင့် အထိနာ၍ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
တိုက်ပွဲအပြီး စစ်ကောင်စီတပ်၏ ခမရ ၄၀၉ ဒင်နံပါတ်ပါ MA4 ၁လက်၊ ၆၀မမဗုံး ၄လုံး၊ အီနာဂါဗုံး ၂လုံး၊ ကျည်ဘောက် ၇ ခုနှင့် ကျည် ၁၀၀ ကျော်ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး မစိုးရိမ်ရကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်များကို KNLA တပ်ရင်း ( ၂၇ )၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း KTLA ၊ နည်းဗျူဟာ ( ၃၃ ) စစ်ဆင်ရေးတပ်ဖွဲဲ့၊ ဒေါနတပ်ရင်း. ၂(YGF)၊ ဒေါနတပ်ရင်း.၃ (KBDF)၊ ရာမညတပ်တော်(NMSP/AD၊RMA)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် နတ်အိမ်တောင်စခန်းကို တော်လှန်ရေးတပ်များ အားလုံးက ပတ်ပတ်လည်တွင် ပိတ်ဆို့ထားပြီး မြေပြင်မှ စစ်တပ်က စစ်ကူပေးရန် လုံး၀ မဖြစ်နိုင်ကြောင်း၊ သို့ရာတွင် စစ်တပ်က နတ်အိမ်တောင်စခန်းသို့ စစ်ကူစစ်ကြောင်းများ စေလွှတ်ရေး မကြာခဏဆိုသလို ကြိုးပမ်းနေကြောင်း၊ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ စစ်ကြောင်းများမှာ နောက်ပြန်ဆုတ်သွားလေ့ရှိကြောင်း သိရှိရသည်။
“နတ်အိမ်တောင်စခန်းကတော့ ကျနော်တို့ ပိတ်ဆို့ထားတုန်းပဲ။ နတ်အိမ်တောင်စခန်းရရင်တော့ ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင်တကြောကတော့ လုံး၀ တော်လှန်ရေးဘက်က ထိန်းချုပ်လို့ရသွားပြီ။ အခုကတော့နတ်အိမ်တောင်စခန်းတစ်ခုပဲ ကျန်တော့တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ပြောဆိုသည်။
ယခင် ဇူလိုင်လ ၇ ရက်နေ့ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သုခစစ်တပ်စခန်းကို KNLA နှင့် PDF ပူးပေါင်း တပ်များက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးမှာ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
KNLA နှင့် PDF ပူးပေါင်းတော်လှန်ရေးမဟာမိတ်တပ်များက ဧပြီလနှင့် ဇွန်လအတွင်း ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်း၊ ထီးခီးစစ်စခန်း၊ ဗောဓိစစ်စခန်းနှင့် ငါးရံ့နီစခန်း၊ သုခစခန်း အပါအဝင် စုစုပေါင်း စစ်တပ်စခန်း ၅ ခုကို သိမ်း ပိုက်ရရှိခဲ့ပြီး နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း၊ ယင်းစခန်းမှာလည်း စစ်သား ၃၀ နှင့် ၅၀ ဦးအကြား သာ ရှိသော စစ်တပ်စခန်း တစ်ခုဖြစ်ပြီး ယင်းစခန်းကို သိမ်းပိုက်ရရှိပါက ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


