ရန်ကုန်၊ ဩဂုတ် ၆
မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းများမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၂၀ ဦး အလင်းဝင်ရောက်လာကြောင်း Burma Revolution Rangers အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကို DEMO က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့ မှ ဩဂုတ်လ ၅ ရက်နေ့ အထိ ပခုက္ကူမြို့ ခြေမြန်တပ်မဌာနချုပ် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းများတွင် ရောက်ရှိနေသော စစ်မှုထမ်း တပ်သားသစ် ၂၀ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းမရှိဘဲ Burma Revolution Rangers ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်များသည် စစ်ကိုင်းမြို့နယ် ၊ မန္တလေးမြို့ ၊ ရေစကြိုမြို့နယ် ၊ မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ် ၊ မြိုင်မြို့နယ် ၊ ကန့်ဘလူမြို့နယ် နှင့် နေပြည်တော် တို့မှ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက် ၂၇ နှစ် အရွယ် သိန်းထွန်းလှိုင်၊ အသက် ၂၉ နှစ်အရွယ် အောင်ဆန်းထွန်း၊ အသက် ၂၇ နှစ် အရွယ် မျိုးဇင်၊ အသက် ၂၈ နှစ် အရွယ် ဝဏကျော်၊ အသက် ၂၇နှစ်အရွယ် မောင်နိုင်၊ အသက် ၂၉နှစ်အရွယ် အောင်မျိုးထက်၊ အသက် ၃၁နှစ်အရွယ် ကျော်မျိုးအောင်၊ အသက် ၂၉ နှစ် အရွယ် သန့်ဇင်ထွန်း၊ အသက် ၂၆နှစ်အရွယ် ကိုကိုအောင် ၊ ကောင်းမင်းခန့် ၊ အသက် ၃၀ နှစ်အရွယ် ကိုနိုင်လင်း၊ အသက် ၂၁ နှစ်အရွယ် ကောင်းစစ်ပိုင် ၊ အသက် ၂၁နှစ်အရွယ် ချဲနောင် ၊ အသက် ၂၀ နှစ်အရွယ် ကောင်းခန့်သူ ၊ အသက် ၁၉နှစ်အရွယ် ဌေးမင်းဇော် နှင့် အမည်မဖော်လိုသူ ၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ယင်း စစ်မှုထမ်း တပ်သားသစ် အားလုံးသည် ဗထူး စစ်သင်တန်းကျောင်းတွင် ၃ လ တက်ရောက်ခဲ့ပြီးနောက် ပခုက္ကူမြို့ ခြေမြန်တပ်မဌာနချုပ် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းများကို ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းတွေကနေ ထွက်ပြေးလာတာက ဇူလိုင် ၁၂ ရက်နေ့ကနေ စပြီး ပြေးလာတာ တစ်ဖွဲ့ဆီ ပြေးလာတာပေါ့။ အားလုံးပေါင်း ၁၅ ဦးရှိတယ်။ လက်နက်တွေတော့ ယူဆောင်လာတာမရှိဘူး။ မနေ့က ဝင်ခဲ့တဲ့ ၅ ယောက်ကတော့ ခလရ ၂၅၁ တပ်ရင်းက ထွက်ပြေးလာတာ သူတို့ လက်နက်ခဲယမ်းမပါဘူး။ ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့တော့ မရှိဘူး။ လက်နက်ခဲယမ်းပါလာမှ ကျွန်တော်တို့က အဲဒီလို လုပ်ပေးတာပါ” ဟု Burma Revolution Rangers မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကို DEMO ကပြောဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်လိုသော စစ်ကောင်စီ တပ်သားများကို Burma Revolution Rangers အဖွဲ့က ကြိုဆိုနေပြီး ဆက်သွယ်လာပါက လာရောက်ကယ်ထုတ်ပေးမည်ဖြစ်ကြောင်း ကို DEMO က ဆက်လက်ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ် ၉ တပ်ရင်း ထံသို့ ကလေးဝမြို့နယ် အောင်ချမ်းသာစစ်တပ်စခန်းနှင့်မစိန်စစ်စခန်းတို့မှ စစ်သား ၁ ဦးနှင့် ပြည်သူ့စစ် ၁ ဦး လက်နက်အပြည့်အစုံနှင့်တကွ အလင်းဝင်ရောက်လာကြောင်း People’s Defense Force – ကလေးခရိုင် တပ်ရင်း ၉ – ကလေးဝက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက သေနတ် ၂ လက်၊ကျည်ဘောက်များ၊ ခဲယမ်းများနှင့်အတူ ကလေးခရိုင်အမှတ်(၉)တပ်ရင်းထံသို့ ဆက်သွယ်၍အလင်းဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ အလင်းဝင်သူ ၂ ဦးကို ကလေးခရိုင်အမှတ် ၉ တပ်ရင်း၊ကလေးဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ငွေကျပ် သိန်း ၈၀ တိတိကို ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


