25.2 C
Yangon

ထိုင်းတွင် မြန်မာလုပ်သားများအတွက် CI စာအုပ်မလိုဘဲ ပန်းရောင်ကတ် တစ်ခုတည်းဖြင့် နေထိုင်အလုပ်လုပ်ခွင့်ပြုရန် Bright Future အဖွဲ့က ထိုင်းလွှတ်တော်သို့ တောင်းဆို

Must read

ရန်ကုန်| ဩဂုတ် ၆

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် CI အစိမ်းရောင်စာအုပ် (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် – Certificate of Identity) ကို ဖျက်သိမ်းပြီး ပန်းရောင်ကတ် (Pink Card) တစ်ခုတည်းကိုပဲ အသုံးပြုပေးရန် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ထိုင်းလူမှုအဖွဲ့အစည်း Bright Future အဖွဲ့က ထိုင်းအထက်လွှတ်တော်သို့ တရားဝင် တောင်းဆိုထားသည်။

ထိုင်း အထက်လွှတ်တော်အမတ် Thewarit Maneechai ကလည်း Bright Future အဖွဲ့နှင့် မြန်မာအလုပ်သမားကိုယ်စား လှယ်များ၏ တောင်းဆိုစာကို လက်ခံရရှိကြောင်း အတည် ပြုပေးထားသည်။

Bright Future အဖွဲ့နှင့် မြန်မာအလုပ်သမားကိုယ်စားလှယ်များက ထိုင်း အထက်လွှတ်တော်အမတ် Thewarit Maneechai ထံ ပန်းရောင်ကတ် တစ်ခုတည်းကိုပဲ အသုံးပြုပေးရန် တောင်းဆိုသည့်စာအား ဩဂုတ်လ ၅ ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Bright Future အဖွဲ့မှ တာဝန်ရှိသူတစ်ဦး မစ္စတာ ဝီရဆန်ထောင်က “CI စာအုပ်ဟာ အလုပ်သမားတွေအတွက် ငွေကြေးကုန်ကျမှုများပြီး လုပ်ငန်းစဉ်တွေကလည်း အရမ်းရှုပ်ထွေးတယ်။ CI စာအုပ်ကနေ မြန်မာအာဏာပိုင်တွေကလည်း ငွေကြေးအကျိုးအမြတ်ရယူနေကြတယ်။ အလုပ်သမားတွေဆီကနေ လစဉ် ဝင်ငွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာအာဏာပိုင်တွေက အတင်းအကျပ် တောင်းဆိုနေတာဟာ ငွေညှစ်နေတာဖြစ်တယ်” ဟု ပြောသည်။

CI စာအုပ်သည် အလုပ်သမားများထံမှ မြန်မာအာဏာပိုင်များသည် ငွေညှစ်ရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုနေကြောင်းလည်း Bright Future အဖွဲ့မှ မစ္စတာ ဝီရဆန်ထောင်က ဝေဖန်ထောက်ပြထားသည်။

ထိုင်းအစိုးရသည် စစ်ကောင်စီနှင့် ညှိနှိုင်းကာ CI စာအုပ်ပြုပေးရေး စင်တာ အနည်းဆုံး ၄ ခုကို ဖွင့်လှစ်ထားပြီး မြန်မာအလုပ်သမားများအား CI စာအုပ် မဖြစ်မနေ ပြုလုပ်ရမည်ဟု တင်းကျပ်ထားသည်။

မြန်မာနိုင်ငံသားများမှာ ပန်းရောင်ကတ်များရှိသည့်အပြင် CI စာအုပ်ရှိမှသာ ထိုင်းနိုင်ငံအနှံ့တွင် အလုပ်လုပ်ကိုင်ခွင့် ရရှိနေကြခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများမှာ အလုပ်လုပ်ခွင့်အတွက် ထိုင်းအစိုးရကိုသာ အခွန်ဆောင်ရန် ဆန္ဒရှိနေကြပြီး ထိုင်းစီးပွားရေးကိုသာ အထောက်ကူပြုလိုကြကြောင်း Bright Future အဖွဲ့က ထိုင်းလွှတ်တော်အား ပြောဆိုထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း CI စာအုပ်ကို ဖျက်သိမ်းပြီး ပန်းရောင်ကတ်တစ်ခုတည်းကိုသာ အသုံးပြုပေးရန် Bright Future အဖွဲ့နှင့် မြန်မာအလုပ်သမားများက တောင်းဆိုနေကြသည်။

Bright Future အဖွဲ့နှင့် မြန်မာအလုပ်သမားကိုယ်စားလှယ်များ၏ တောင်းဆိုချက်များကို အလုပ်သမားရေးရာကော်မတီကို တင်ပြပြီး ထည့်သွင်းစဉ်းစားရန်အတွက်လည်း ထိုင်း အထက်လွှတ်တော်အမတ် Thewarit Maneechai ပြန်လည် ကတိပေးထားသည်ဟု သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article