ရန်ကုန်| ဩဂုတ် ၁၁
ရခိုင်ပြည်၏ ၉၀ ရာခိုင်နှုန်းကျော်ကို AA က သိမ်းပိုက်ထားပြီး ရှေ့ဆက်၍လည်း အာရက္ခလမ်းစဉ်နှင့် စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက် ချီတက်နေဆဲဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
အာရက္ခတပ်တော် AA က ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ထည့် သွင်းပြောဆိုသည်။
လက်ရှိ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ဆက်လက် ဆင်နွှဲနေပြီး ရဲတပ်ရင်း ၃၂ နှင့် ဓည၀တီ ရေတပ်စခန်းဌာနချုပ်အနီးတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ AA အနေဖြင့် မိမိတို့၏ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက် ချီတက်နေဆဲဖြစ် ကြောင်း၊ ချမှတ်ထားသော အာရက္ခလမ်းစဉ်အတိုင်း ဆက်လက် လျှောက်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျောက်ဖြူမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်ဖြစ်ခြင်း၊ တရုတ်နှင့်ဆက်ဆံရေးကိစ္စများမှာလည်း ထိလွယ် ရှလွယ်သော ကိစ္စရပ်များဖြစ်၍ ဖြေကြားနိုင်ခြင်းမရှိကြောင်း ခိုင်သုခက ဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲမှာလည်း ပြည်သူ့အတွက် အကျိုးမရှိသဖြင့် ရခိုင်ပြည်တွင် ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထုထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်သလို ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေဖို့လို့ မြင်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီထိန်းချုပ်မြို့များတွင် ရွေးကောက်ပွဲကျင်းပ၍ ရရှိသော်လည်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခွင့် လုပ်ခွင့်ပေးမည်မဟုတ်ကြောင်း ဦးခိုင်သုခက ဆိုသည်။
“ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက် လုပ်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ အကျိုးပြုခဲ့ကြတာမရှိဘူး။ ရခိုင်ပြည်သူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကို တစ်ယောက်လည်း စိတ်မဝင်စားဆိုတာ သေချာပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီအဖွဲ့သည် ယခုနှစ် လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဟု ကြွေးကြော်ထားသည်။
သို့သော်လည်း စစ်ကောင်စီ ရွေးကောက်ပွဲအား အာဆီယံနိုင်ငံအချို့က လက်မခံကြသလို အာဆီယံအဖွဲ့ကြီးကလည်း မြန်မာပြည်သူများအတွက် ယခုအချိန် ရွေးကောက်ပွဲသည် ဦးစားပေးမဟုတ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းကိုသာ ဦးစားပေးလုပ်ရမည်ဟု ပြောဆိုထားကြသည်။
တော်လှန်ရေးအင်အားစု၊ ဒီမိုကရေစီအင်အားစုများကလည်း စစ်ကောင်စီရွေးကောက်ပွဲအား အသိအမှတ် မပြုကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်မည်ဟု မှတ်ချက်ပြုထားကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
