ဆေးဝါးနှင့်ဆေးပစ္စည်းများကို ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုပြီး စစ်တပ်က ဒေါ်လာ ရောင်းမပေးဘဲ ကိုယ့်ငွေကိုယ်ရှာ တင်သွင်းခိုင်း
ရန်ကုန်၊ ဩဂုတ် ၁၄
ဩဂုတ်လ ၁၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် အစည်းအဝေးတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း အမိန့် ပေးလာခြင်းဖြစ်သည်။
နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးကောက်ခံ၍ အင်အားပိုမိုတည်ဆောက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်များကို ထိထိရောက်ရောက် တားဆီးဖော်ထုတ် ဖမ်းဆီးရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
“တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျ လာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများ အနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့်ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းဖြင့်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း” မင်းအောင်လှိုင်က ဆိုသည်။
ထို့ပင် တရားမဝင် ကုန်စည်များ မှောင်ခိုလမ်းကြောင်းမှ ခိုးသွင်းနေခြင်းကြောင့် တိုင်းပြည် စီးပွားပျက်နေကြောင်း၊ နိုင်ငံရှိ အဖိုးတန်သယံဇာတများကိုလည်း မှောင်ခိုလမ်းကြောင်းခိုးထုတ်ပြီး တရားမဝင်ကုန်စည်များကို မှောင်ခို ခိုးသွင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မင်းအောင်လှိုင်က ဆိုသည်။
လတ်တလော အကြမ်းဖက် စစ်ကော်မရှင်က ဘားအံမြို့နယ်တွင် ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ တက်လာသော ကုန်စည်များ အပြည့်တင်ဆောင်လာသော ကုန်တင်ကားများ အစီးရေ ရာပေါင်းများစွာကို ဘားအံမြို့နယ်တွင် ကြားဖြတ် တားဆီး၍ ဖမ်းဆီးထားကြောင်း သိရှိရသည်။
ထို့ပြင် အခြားတစ်ဖက်တွင်လည်း စစ်တပ်က မြန်မာပြည်သူများအတွက် နေ့စဉ် စားဝတ်နေရေးအတွက် အဓိကျသည့် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို ပြည်ပမှ တင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့် တင်းကျပ်ခြင်းများ လုပ်ဆောင်နေပြီး အထူးသဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးသော ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခွင့်ကို ပင်လယ်ရေကြောင်း တစ်မျိုးတည်းသာ ခွင့်ပြုတော့ကြောင်း သိရှိရသည်။
ဆေးဝါးနှင့် ဆေးပစ္စည်းများကို တင်သွင်းလိုပါက ပင်လယ်ရေကြောင်းမှ တင်သွင်းရန် သွင်းကုန် လိုင်စင် လျှောက်ထားရမည့်အပြင် တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာကိုလည်း စစ်တပ်၏ ဗဟိုဘဏ်က ရောင်းချပေးခြင်းမရှိကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းလိုပါက မိမိကိုယ်ပိုင် နည်းလမ်းဖြင့် ဒေါ်လာရှာ တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
“ဆေးနဲ့ ဆေးပစ္စည်းတွေကို တင်သွင်းရာမှာ သွင်းကုန်လိုင်စင်လျှောက်ရတဲ့အပြင် ဒေါ်လာကို ကိုယ့်ဟာကိုယ် ရှာရတယ်။ ဗဟိုဘဏ်က ရောင်းမပေးဘူး။ နယ်စပ်ကလည်း ဆေးတင်သွင်းခွင့်ပိတ်တော့ ပြည်တွင်းမှာ ဆေးတွေ လုံး၀ ပြတ်လပ်နေတယ်။ လုပ်ငန်းရှင်တွေကလည်း ဗဟိုဘဏ်ကမှ ရောင်းမပေးရင် အပြင်မှာ ဒေါ်လာရှာဖို့က ခက်ပါတယ်။ အဲဒါကြောင့် ဆေးဝါးတွေ မသွင်းနိုင်ကြဘူး။ ရှိတဲ့ ဆေးတွေလည်း စျေးတွေက အသားကုန် ထိုးတက်နေတယ်” ဟု UMFCCI လက်အောက်ခံ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
