ရန်ကုန်၊ ဩဂုတ် ၁၄
တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ စစ်ကောင်စီအား ခေတ်မီ စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ ထောက်ပံ့ပေးပြီး စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှု များအတွက် ပိုမိုအားဖြည့်ပေးနေမှုကို ချက်ချင်းရပ်တန့်ပေးရန် အပါအဝင် တောင်းဆိုချက် ၅ ချက်ကို တအာင်းအဖွဲ့အစည်းများ ပူးပေါင်း၍ ထုတ်ပြန်သည်။
တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ TNLA ထိန်းချုပ်ထားသောဒေသများ ပြန်လည်ပေးအပ်ရေးအတွက် နိုင်ငံရေးနှင့်စစ်ရေး ဖိအားပေးမှု၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ ဖြတ်တောက်မှု၊ ကျန်းမာရေး ဆေးဝါးဖြတ်တောက်မှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး ဖြတ်တောက်မှု စသည့် နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်ဖိအားပေးလျက်ရှိကြောင်း တအာင်းအဖွဲ့များက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်နိုင်ရေးအတွက် စစ်ကောင်စီထံသို့ လေယာဉ်ဆီအပါအဝင် စစ် လက်နက်ပစ္စည်းများ ပံ့ပိုးမှု ပေးနေသည့် နိုင်ငံများ၊ လုပ်ငန်းရှင်များနှင့် အိမ်နီးချင်းနိုင်ငံများအားလုံး ချက်ချင်းရပ်တန့်ပေးရန်၊ စီးပွားရေးလမ်းကြောင်းဖြင့် အကြမ်းဖက်စစ်ကောင်စီအား ကူညီပံ့ပိုးပေးနေသည့် လုပ်ငန်းရှင် ခရိုနီများနှင့် အကျိုးစီးပွားအရ လက်တွဲနေသည့် အခြားနိုင်ငံများကို စီးပွားရေးအရ ပိတ်ဆို့မှုများ ထိရောက်စွာ ဆောင်ရွက် ပေးရန် တအောင်းအဖွဲ့များက တောင်းဆိုထားသည်။
ထို့ပြင် နိုင်ငံတကာမှ ချမှတ်ထားသည့် ဥပဒေများကို ပြောင်ပြောင်တင်းတင်းကျူးလွန် ချိုးဖောက်လျက် ရှိသော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ အမြန်ဆုံးအရေးယူနိုင်ရန်အတွက် ဖိအားပေးလုပ်ဆောင်ရန်၊ စစ်ပဋိပက္ခကြောင့် ခံစားနေရသည့် ပြည်သူလူထုများ အားလုံးအတွက် ထိရောက်သည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေးရန် အပါအဝင် မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားနိုင်ရေးအတွက် ဖက်ဒရယ်ယူနစ်များ၊ ဒေသန္တရအစိုးရအဖွဲ့များနှင့်အတူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝန်းများ အသိအမှတ်ပြု လက်တွဲ လုပ်ဆောင်ရန် တအာင်းအဖွဲ့များက ဆက်လက်တောင်းဆိုထားသည်။
ကြေညာချက် ထုတ်ပြန်တောင်းဆိုသော အဖွဲ့များတွင် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSN ၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) ၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေရှင်း (TLAF) ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၊ တအာင်းပညာရေးအင်စတီကျူ့ (TEI) ၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း (THO) ၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ (TEWG)တို့ ပါဝင်သည်။
ဓာတ်ပုံ – အညာဒေသတွင် မြန်မာစစ်တပ်ကို ကူညီနေသော တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
