27.8 C
Yangon

ကလေးမြို့နယ် မြောက်ပိုင်းတိုက်နယ် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများ ပျက်စီး၊ မုံရွာတွင်လည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းတိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း People’s Healthcare Network – KALAY အဖွဲ့က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ည ၈ နာရီ ၂၁ မိနစ်ခန့်တွင် ကလေးမြို့နယ်၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော “People’s Healthcare Network (Kalay)” ၏ “Station Hospital – Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) – PHN (Kalay)”ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးပကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများထံမှ သိရပြီး ဆေးရုံ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

PHN (Kalay) ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဆေးရုံဆေးခန်းနေရာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ၇ ကြိမ် မြောက် လေကြောင်းတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း၊ စစ်တပ်၏ အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးလျက်ရှိသော စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်လုပ်ရပ်များကို PHN (Kalay) အဖွဲ့မှ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် နွေဦးတော်လှန်ရေးအဆုံးသတ်တိုက်ပွဲ အောင်မြင်ပြီးမြောက်သည်အထိ ပြည်သူလူထုနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း People’s Healthcare Network – KALAY အဖွဲ့က အသိပေး ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက်စစ်ပုံ အမြှောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေကုန်စုရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Monywa Roads Information – MRI မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် ကျောက်စစ်ပုံအမြှောက်တပ်မှ စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရေကန်စုရွာအတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

“ကျောက်စစ်ပုံ အမြှောက်တပ်က စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေကုန်စုရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေအနေ မစိုးရိမ်ရပါဘူး” ဟု Monywa Roads Information – MRI မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article