ရန်ကုန်၊ ဩဂုတ် ၁၆
ရခိုင်ပြည်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားမှုကြောင့် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲခံထားရသော စစ်တပ်က AA ကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုသည်။
၂၀၂၄ ခုနှစ် မေလအတွင်း ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှာ ဒေသခံရွာသား ၆၀၀ ကျော်ကို AA က လူမျိုးတုံးသတ်ဖြတ်ခဲ့ကြောင်း၊ ထန်းရှောက်ခံရွာသည် မေယုမြစ်၏ အရှေ့ဘက်ခြမ်းဘူးသီးတောင် – ရသေ့တောင် ကားလမ်းဘေးရှီ ကျေးရွာဖြစ်ပြီး ဒေသအခေါ် ဟိုယာဆီးရီးဟု ခေါ်ဆိုကြောင်း၊ AA က ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့မှစတင်၍ ဘူးသီးတောင်မြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ကျန်စစ်စခန်းများကိုလည်း ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ပြီး နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို AA က သိမ်းပိုက်ခဲ့ခဲ့ကြောင်း ထန်းရှောက်ခံ ရွာ သတ်ဖြတ်မှုဖြစ်ပွားချိန်တွင် စစ်တပ်က နယ်မြေတွင် ရှိမနေတော့ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ ပထမပိုင်းက တပ်မတော်ကလုပ်ကြောင်း လွှဲချခဲ့ပါတယ်။ နောက်ပိုင်းပြောတဲ့ အချိန်ကျတော့ ဒီအလောင်းတွေဟာ တပ်မတော်က အလောင်းတွေဖြစ်တယ်လို့ ပြောပြန်ပါတယ်။ သူတို့ဘက်က ပြောဆိုမှုတွေဟာ ရှေ့နောက်မညီမှုကိုကြည့်ရင် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာ ပိုပြီးသိသာထင်ရှားစေပါတယ်။ ပိုပြီးသိသာစေတဲ့အထောက်အထားများကတော့ အစုလိုက်အပြုံလိုက် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အများအပြား ပါဝင်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
ထို့ပြင် AA က ဘူးသီးတောင်မြို့က ရပ်ကွက် ၇ ခုနှင့် ကျင်လတ်ကျေးရွာတို့က နေအိမ်များကိုလည်း မီးစတင်ရှို့ခဲ့ကြောင်း ၊၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့ AA က ဒရုန်းများသုံးပြီး ဘူးသီးတောင်မြို့ပေါ်ရှိ ဒုက္ခသည်များရှိနေသည့် စာသင်ကျောင်းကို ဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်းလည်း၊၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင်လည်း မောင်တောမြို့အနောက်ဘက် နတ်မြစ်ကမ်းတွင် စစ်ဘေးရှောင်ရန် လှေစောင့်နေသည့် ရိုဟင်ဂျာများကို AA က ဒရုန်းဖြင့် ဗုံးကျဲသဖြင့် ရိုဟင်ဂျာ ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။
AA က လူမျိုးရေးအရ အငြိုးထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်နေကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ AA အနေဖြင့် ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲမှုများမှာ မဟုတ်မှန်ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ “ဓာတ်ပုံတွေကို ကြည့်ပါ၊ စစ်ကောင်စီတပ်သားတွေရဲ့ ဦးထုပ်တွေ၊ သေဆုံးအလောင်း အရိုးစုတွေမှာ စီးထားတဲ့ ဖိနပ်တွေ အဲဒါတွေက သက်သေပဲ ဖြစ်ပါတယ်၊ စွပ်စွဲထားတဲ့ ဓာတ်ပုံက အလောင်းတွေက စစ်သားအလောင်းတွေပဲ ဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ဘူးသီးတောင်တိုက်ပွဲမှ စစ်ကောင်စီတပ်သားများက ထန်းရှောက်ခံရွာသို့ ဆုတ်ခွာသွားခဲ့ပြီးနောက် AA က ချေမှုန်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၃ ရက်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်သားများ ရာချီ သေဆုံးခဲ့ကြောင်း၊ ထန်းရှောက်ခံရွာသားများအနေဖြင့် တိုက်ပွဲမဖြစ်ပွားမီကတည်းကစစ်ရှောင်နေပြီဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ရှောင်သွားသည့် ထန်းရှောက်ခံကျေးရွာသား ၇၉၁ ဦးနေရပ်ပြန်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိ ထန်းရှောက်ခံ ရွာသစ်တွင် အဆိုပါရွာသားများ နေထိုင်နေပြီး ယင်းစွပ်စွဲချက်ကို သတင်းရယူလိုပါက AA အနေဖြင့် ကျေးရွာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ခိုင်သုခက ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ၂၀၁၆၊ ၂၀၁၇ ခုနှစ်ကာလ ရခိုင်ပြည်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတို့တွင် အမှုရင်ဆိုင်နေရပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုများရှိနေကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။
