ရန်ကုန်၊ ဩဂုတ် ၁၈
အကြမ်းဖက်စစ်တပ်က ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမည့် စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်းသန္ဓေတပ်သားများဖြစ် လာစေရေး မက်လုံးပေး စည်းရုံးသိမ်းသွင်းလာကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
၂၀၂၄ ခုနှစ် မေလမှစတင်၍ လစဉ်ဖွင့်လှစ်ခဲ့သော စစ်မှုထမ်းအပတ်စဉ် သင်တန်းများမှာ အပတ်စဉ် ၁၆ အထိရှိလာချိန် အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်း သန္ဓေတပ်သားများအဖြစ် မက်လုံးပေး စည်းရုံးသိမ်း သွင်းလာကြောင်း၊ စစ်တပ်အတွင်း လက်ရှိ ဘွဲ့ရ စစ်မှုထမ်းတပ်သားများကို ဒုတပ်ကြပ်အဆင့်သို့ ချက်ချင်း ရာထူးတိုးပေးရန်၊ ၁၀ တန်းအောင် စစ်မှုထမ်းတပ်သားများကို စစ်မှုထမ်းသက် ၂ နှစ် ပြည့်ပြီးသည်နှင့် စစ်တက္က သိုလ် လျှောက်ခွင့်ပေးမည်ဆိုသော မက်လုံးများ ပေးလာကြောင်း၊ ဘွဲ့ရ စစ်မှုထမ်းတပ်သားများကိုလည်း အလုပ်သင်ဗိုလ်လောင်းသင်တန်း တက်ခွင့်ပေးမည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။
“စစ်မှုထမ်းတပ်သားတွေထဲမှာ ဘွဲ့ရတွေရှိရင် ချက်ချင်း ဒုတပ်ကြပ်အဆင့်အထိ တိုးပေးမယ်။ ဘွဲ့ရတွေ အလုပ်သင်ဗိုလ်လောင်းသင်တန်းခေါ်ရင် လျှောက်ထားခွင့်၊ ၁၀ တန်းအောင်တွေဆိုရင် စစ်တက္ကသိုလ် လျှောက်ထားခွင့်ပေးမယ်။ အဲဒါတွေက လျှောက်တာနဲ့ တစ်ခါတည်း တန်းခေါ်မှာ စာမေးပွဲတွေ ဘာတွေ ဖြေစရာမလိုတော့ဘူး။ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့က ထောက်ခံချက်ပေးရုံနဲ့ ဗိုလ်လောင်း သင်တန်းတက်ခွင့်ပေးမယ်လို့ ပြောတယ်။ အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းအောင်တွေကိုလည်း ပညာသည် တပ်ကြပ်ကြီး၊ တပ်ကြပ်ကြီးစာရေး ဖြစ်ခွင့်ရှိမယ်။ အဲဒါမျိုးတွေ မက်လုံး ပေးလာတယ်” ဟု စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ထို့ပြင် အခြေခံပညာအဆင့်သာ ရှိသော စစ်မှုထမ်းတပ်သားသစ်များကိုလည်း ရေတပ်နှင့်လေတပ်တို့သို့ ပညာသည်စစ်သည်များအဖြစ် ပြောင်းရွှေ့ခွင့် ရရှိမည်ဆိုသော မက်လုံးများ ပေးလာကြောင်း၊ စစ်မှုထမ်းသက် ၂ နှစ် ပြည့်ပြီးသည်နှင့် ဆက် လက်၍ တာဝန်ထမ်းဆောင်မည့် စစ်သည်များအနေဖြင့် လစာနှင့်စစ်မှုထမ်းသက် အကျိုးခံစားခွင့်၊ နေအိမ်လိုင်းခန်း၊ အခမဲ့ ဆေးကုသခွင့် အပါအဝင် ခံစားခွင့်များ ရရှိမည်ဟု ဟောပြောပွဲများ ကျင်းပ မက်လုံးပေးလာကြောင်း သိရှိရသည်။
“စစ်မှုထမ်းသက် ၂ နှစ်ပြည့်ပြီးရင်တောင် ထွက်ခွင့်ပေးပါ့မလားပဲ။ တပ်ထဲမှာတော့ စစ်မှုဆက်ထမ်းရင် ရရှိမယ့် ခံစားခွင့်နဲ့ အကျိုးအမြတ်တွေ အများကြီးရမယ်ဆိုတာမျိုး ဟောပြော အသိပေးလာတယ်။ ဘွဲ့ရနဲ့ ၁၀ တန်းအောင်တွေက ဗိုလ်လောင်း သင်တန်းကို လျှောက်တာနဲ့ တစ်ခါတည်း အရွေးချယ်ခံရမယ်ပြောတယ်။ ဘာစာမေးပွဲမှ ဖြေစရာမလိုဘဲ ဗိုလ်လောင်းသင်တန်း တက်ရမယ်။ ကျန်တဲ့ အခြေခံပညာအဆင့် စစ်မှုထမ်းတပ်သားတွေလည်း တက်လမ်းတွေ အများကြီးရှိတယ်။ တပ်ကြပ်ကြီးစာရေးဘ၀နဲ့ နိုင်ငံခြား စစ်သံရုံးတွေ အထိ ရောက်ခွင့်ရှိမယ်လို့ ပြောတယ်” ဟု စစ်မှုထမ်းအပတ်စဉ် ၁၃ မှ စစ်မှုထမ်းတပ်သားတစ် ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ယမန်နှစ် မေလမှစတင် ၍ စစ်မှုထမ်းသင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
