ရန်ကုန်၊ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကိုရင်ကြီး ၁ ပါး အပါအဝင် လူ ၅ ဦးသေဆုံးကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တောင်ခြမ်း မူးကမ်းကြီးကျေးရွာ ရွာအနောက်မြောက်ပိုင်း မိုးကောင်းဘုန်းကြီးကျောင်းအတွင်းသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ သံယာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးကြောင်း၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ ဆွမ်းစားကျောင်း အဆောက်အအုံ ၃လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း သက်တော် ၇၀ နှစ်အရွယ်ရှိ သံယာတော် ၁ ပါး ၊ အသက် ၃၀နှစ်အရွယ် ပြည်သူ ၃ ဦးနှင့်အခြားလူ ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးကာ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ ဆွမ်းစားကျောင်း အဆောက်အအုံ ၃ခုစလုံး ပြိုကျခဲ့ကြောင်း သိရှိရသည်။
” ကိုရင် ၁ ပါးလည်း ပျံလွန်တော်မူသွားတယ်။ ပြည်သူ ၃ ဦးသေဆုံးသွားတယ်။ အမျိုးသားကြီးပဲ။ ဒဏ်ရာရတဲ့သူတွေကိုလည်း ဆေးရုံကို ပို့နေရတယ်ဆိုတော့လေ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဒီအတိုင်းကျဲသွားတာပါ။ အသက်ကြီးမှဝတ်တဲ့ ကိုရင်ကတော့ သက်တော် ၇၀ လောက်ရှိတယ်။ သေဆုံးသူ ပြည်သူ ၃ ဦးကလည်း အမျိုးသားတွေပဲ။ ၂၀ ၊ ၃၀ ဝန်းကျင်တွေပါပဲ။ ရွာကရော့ တစ်ခြားရွာက ဧည့်သည်ရှိတယ်ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ ကိုရင်ကြီးကတော့ ကားပေါ်မှာတင် ဆုံးသွားတာ။ ကျန်တဲ့ ၃ယောက်ကတော့ ဆေးခန်းရောက်နေပြီသူတို့ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ဘုန်းကြီး ကျောင်း ဓမ္မာရုံ ဆွမ်းစားကျောင်း အဆောက်ဦး ၃ လုံးစလုံး ပြိုကျပျက်စီးသွားပါတယ် “ဟု ဗိုလ်သတ္တိ B.I.A(ဒီပဲယင်း) LDF (Drone တပ်ဖွဲ့) တာဝန်ခံက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဒီပဲယင်းမြို့ပေါ်တွင်သာ တပ်စွဲထားပြီး ဒီပဲယင်းတစ်မြို့နယ်လုံးကို တော်လှန်ရေးတပ်များက ထိန်း ချုပ်ထားစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ဒလန်သတင်းပေးမှုဖြင့် ဘုန်းကြီး ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲသည်ဟု ယူဆရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






