ရန်ကုန်၊ ဩဂုတ် ၂၀
အကြမ်းဖက်စစ်တပ်က ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက အနိုင်ရရှိမည်ဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရှိမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း တရားဝင် ထုတ်ဖော်ပြောဆိုလာကြောင်း ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း အစည်းအဝေးများ၊ ပါတီဝင်သစ် အဆိုပြုလက်ခံပွဲ အခမ်းအနားများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်အားကောင်းကောင်း ယှဉ်ပြိုင်နိုင်သော ပါတီမှာ ကြံ့ဖွတ်ပါတီတစ်ခုတည်းသာ ရှိပြီး မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ခွင့်ရရှိမည့် ပါတီမှာလည်း ကြံ့ဖွတ်ပါတီသာ ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတွင် ကြုံနေရသည့် ပြဿနာများကို ကြံ့ဖွတ်ပါတီကသာ ဖြေရှင်းပေးနိုင်သော တစ်ခုတည်းသော နိုင်ငံရေးပါတီဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်း သိရှိရသည်။
“အခု ရွေးကောက်ပွဲမှာ အနိုင်ရမယ့် ပါတီက ပြည်ခိုင်ဖြိုးပဲဖြစ်တယ်။ အစိုးရဖွဲ့ခွင့်ရမှာကလည်း ပြည်ခိုင်ဖြိုးပဲ ဖြစ်တယ်။ အဲဒါကြောင့် ပါတီဝင်တွေအားလုံး လာမယ့် ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပြည်သူလူထု ဆန္ဒမဲပေးရေးမှာ ပါဝင်စည်းရုံးလှုံ့ဆော်ပေးကြဖို့ ဥက္ကဋ္ဌက ပြောပါတယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ကြံ့ဖွတ်ပါတီက အစိုးရဖြစ်လာပါက လက်ရှိ နိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများအားလုံး ရုပ်သိမ်းသွားမည်ဖြစ်သည့်အပြင် အာဆီယံနှင့် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာကလည်း ဖြစ်ပေါ်လာသည့် အရပ်သား ကြံ့ဖွတ်အစိုးရကို အသိအမှတ်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“Legitimacy တရားဝင်အစိုးရဖြစ်လာရင် အခုရှိနေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားမယ်။ အဲဒီကျရင် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ပြန်ဝင်လာမယ်။ စီးပွားရေးတွေ အခုထက်ပိုကောင်းလာမယ်။ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှုတွေ ရလာမယ်။ အဲဒီအခါ ကြုံနေရတဲ့ ပြဿနာတော်တော်များများ ပြေလည်သွားမယ်ပေါ့” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
လက်ရှိ နိုင်ငံတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့်မြို့များကို ပြန်လည် သိမ်းပိုက်ရေး အရှိန်အဟုန်မြှင့်လျက်ရှိနေပြီး စစ်တပ်ကို ဆန့်ကျင်နေသူများက စစ်ရေးအရ ဦးကျိုးသွားပြီဖြစ်ကြောင်း၊ စစ်တပ်က မြို့များကို ပြန်လည် သိမ်းပိုက်နေပြီး လက်နက်ကိုင်အဖွဲ့များက မည်သည့်မြို့၊ မည်သည့်နယ်မြေကိုမှ သိမ်းပိုက်နိုင်ခြင်းမရှိတော့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် ဒီဇင်ဘာလ နိုင်ငံတစ်ဝန်းမှ မြို့ကြီးများအားလုံးကို ပြန်လည် ရရှိမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ထုတ်ဖော်ပြောဆိုသည်။
NLD ပါတီနှင့်ပတ်သက်၍ ခင်ရီက ပြောဆိုရာတွင် NLD ပါတီမှာ လက်နက်ကိုင်အကြမ်းဖက်သည့် လမ်းစဉ်ကို ရွေးချယ်သွားပြီဖြစ်၍ မြေပေါ်တွင် NLD ပါတီအခန်းကဏ္ဍ နိဂုံးချုပ်သွားပြီဖြစ်ကြောင်း၊ မည်သည့်အခါတွင်မှ NLD ပါတီ ပြန်လည် ထွက်ပေါ်လာစရာ အကြောင်းမရှိတော့ဟု ပြောဆိုကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
