31.3 C
Yangon

အာဏာသိမ်း စစ်တပ်က တရားဝင် အစိုးရ မဟုတ်၍ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲ ပူးပေါင်းပါဝင်သူများကို စစ်ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် သတ်မှတ်မည်ဟု ချင်းအတိုင်ပင်ခံကောင်စီက ကြေညာ

Must read

ရန်ကုန်| ဩဂုတ် ၂၀

အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြားကာလ ချင်းအမျိုး သားအတိုင်ပင်ခံကောင်စီ-ICNCC က ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် တရားဝင် သဘောထား ထုတ်ပြန်ထားသည်။

မြန်မာ့ဒီမိုကရေစီအရေးကို ခေတ်အဆက်ဆက် ဖြိုခွဲဖျက်ဆီးခဲ့သော အာဏာ သိမ်း စစ်တပ်က ယခုအချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒသဘော ထားကို လစ်လျူရှုကာ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် အမျိုးမျိုး ပြင်ဆင်နေသည်ဟု ICNCC က ပြောသည်။

စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲသည် ၂၀၂၁ မတရား စစ်အာဏာ သိမ်းမှုကို တရားဝင်ဖြစ်စေရန် ပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ တရားဝင်မှုကို ဖျက် သိမ်းရာ ရောက်သည်ဟု ဆိုသည်။

စစ်ကောင်စီ သည် ၎င်း၏ တရားမဝင်အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရန်အတွက် ကြံစည်ထားသည့် ရွေးကောက်ပွဲသာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် တရားဝင်အစိုးရ မဟုတ်သလို မည်သည့်ရွေးကောက်ပွဲကိုမှလည်း ပြုလုပ်ကျင်းပပိုင်ခွင့်မရှိကြောင်း ICNCC က ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းသည့်နေ့မှစ၍ အပြစ်မဲ့ပြည်သူများအား ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခြင်း၊ သောင်းနှင့်ချီ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ICNCC က ဆိုသည်။

ယင်းအပြင် လူနေအိမ်များနှင့် ဘုရားကျောင်းများ မီးရှို့ဖျက်စီးခြင်း၊ စာသင်ကျောင်းများ၊ ကျေးရွာများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အတင်းအဓမ္မ စစ်သားစုဆောင်ခြင်း စသည့် ရာဇဝတ်မှုများကို ယနေ့အထိ နေ့စဉ်ရက်ဆက် ကျူးလွန်နေကြောင်း ထောက်ပြထားသည်။

ပြည်သူများ၏ အခြေခံအခွင့်အရေးများ ဆုံးရှုံးနေရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သန်းချီရှိနေချိန်တွင် ရွေးကောက်ပွဲမှာ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုများ လုံးဝရှိနိုင်မည်မဟုတ်ကြောင်း ICNCC က ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲမှာ စစ်အုပ်စုအတွက်သာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားမပြုနိုင်ကြောင်းနှင့် အတုအယောင် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်နိုင်မည့်အစား ပဋိပက္ခများအား ပိုမိုနက်ရှိုင်းစေမည်ဟု ဆိုသည်။

စစ်ကောင်စီ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းနှင့် ကူညီထောက်ပံ့ခြင်းသည် ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ကောင်စီလုပ်ရပ်အား အားပေးရာရောက်ပြီး စစ်ရာဇဝတ်မှုများတွင် ကိုယ်တိုင်ပါဝင် ကျူးလွန်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ICNCC က ပြောသည်။

ပြည်သူများအပါအဝင် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲအား လုံးဝလက်မခံကြဘဲ ဆန့်ကျင်ကန့်ကွက်ပေးကြရန်နှင့် အသိအမှတ်မပြုကြရန် ICNCC က တိုက်တွန်းပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article