ရန်ကုန်၊ ဩဂုတ် ၂၀
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် သဲကုန်းမြို့ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၄ စီးက ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာရွာနှင့် ဖလန်ပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၂ လုံး ကျဲချခဲ့သည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျောက်ပြင်သာရွာမှ သားအဖ ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်နှင့် အသက် ၁၀ နှစ်အရွယ် မောင်သက်ပိုင်ဇော်တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ဖလန်ပင်ရွာတွင် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနေ့က နံနက်ပိုင်းက သဲကုန်းဘက်ကနေ တက်လာတဲ့ စက်တပ်လေထီး ၄ စီးက ပေါက်ခေါင်းမြို့နယ် ကျောက်ပြင်သာရွာနဲ့ ဖလန်ပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့တာ ကျောက်ပြင်သာကျေးရွာက သားဖ ၂ ဦး ပွဲချင်ပြီး သေဆုံးတယ်။ ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်။ ၁ ဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်တပ် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော သားအဖ ၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းက သဂြိုလ် လိုက်ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း သဲကုန်းမြို့ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက ကြိမ်ချောင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၃၀၀ ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


