ရန်ကုန်၊ ဩဂုတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက ကားများဖြင့် သယ်ယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဩဂုတ်လ ၉ ရက်နေ့မှစ၍ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင် ထော် ကယန်းပိုင်း ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို စစ်သား ၊ PNO ပြည်သူ့စစ်များက ဝင်ရောက် ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ မီးရှို့မှုကြောင့် နေအိမ် အလုံး ၁၀၀ ကျော်မီးလောင် ဆုံးရှုံးထားကြောင်း သိရ သည်။
“နေ့စဉ်နေ့တိုင်းတော့ တစ်အိမ်ပြီး တစ်အိမ် မီးရှို့သွားတဲ့ဟာပေါ့။ ပြီးတော့ တပူးထိုးကျေးရွာ ဆိုတာ ကလည်း အရင်တုန်းကလည်း ရှို့ပြီးပြီ။ သုံးလေးကြိမ်မကရှို့ပြီးသား။ လက်ရှိအချိန်လည်း တချို့နေ အိမ် တွေကိုလိုက်လံရှို့နေတဲ့အနေအထား မျိုးဖြစ်ပါတယ်။ ဒီ တပူးထိုး၊ နောင်ထော်၊ နောင်ထောင် ကျေးရွာအားလုံးစုပေါင်းရင်တော့ မီးရှို့ခံရတဲ့ နေအိမ်က စာရင်းအတိအကျ ပြုစုလို့မရသေးဘူးဆို ပေမယ့် နေအိမ်အလုံး ၁၀၀ ကို တော်တော်ကျော် လာပြီလို့ ပြောလို့ရပါတယ်။ မီးရှို့ခံရတဲ့နေအိမ် တွေက အိမ်ကြီး၊ အိမ်ကောင်းတွေပါတယ်။ သာမန်နေအိမ်တွေပါတယ်။ အဓိက ကတော့ ပြည်သူလူထုတွေရဲ့ ပစ္စည်းတွေကို ပြည်သူ့စစ်တွေကယူတယ်။ ကားတွေနဲ့အခေါက်အခါ သယ်တယ်။ ပြီးတော့ မှ အိမ်ကို မီးရှို့တယ်ဆိုတဲ့ ပုံစံမျိုးကိုတွေ့နေရတာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထို ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနှင့် လက် အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNO ပြည်သူ့စစ်များက မီးရှို့နေသည့် မှတ်တမ်းအား PNLA ကင်းထောက်ဒရုန်းအဖွဲ့က ဩဂုတ်လ ၁၈ ရက်နေ့တွင် ရယူနိုင်ခဲ့ကြောင်း၊ ယင်းကျေးရွာများမှာ အကြိမ်ကြိမ်မီးရှို့ခံရသည့်ကျေးရွာများဖြစ်ပြီး ကျေးရွာနေပြည်သူများကိုလည်း ကျေး ရွာအတွင်းမှ မောင်းထုတ်ခံရကြောင်း သိရသည်။
“အဲဒီရွာတွေဆိုရင် ပြည်သူတွေက အခုထိအိမ်ပြန်လို့မရသေးဘူး။ သူတို့မောင်းထုတ်ထားတယ်။ ပြည်သူတွေကို မောင်းထုတ်ပြီးတော့မှ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံသိမ်းယူတယ်၊ အိမ်တွေကို မီးရှို့တယ်။ ကျနော်တို့လည်းမှတ်တမ်းတွေထပ်ရရှိဖို့ ကြိုးစားနေပါတယ်။ တိုက်ပွဲဆိုတာကတော့ အဲဒီကျေးရွာတွေထဲမှာ ဖြစ်ပွားတာမရှိပါဘူး။ ကျေးရွာနဲ့အဝေးတောတောင် ထဲမှာတော့ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့တော့ နေ့တိုင်းရှိကြပါတယ်။ ကျေးရွာထဲမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိပါဘူး။ အစကတည်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ မီးရှို့တာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး ဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။
စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှာ ခေါင်းဆောင် ခရိုနီနေဝင်းထွန်းနှင့်အကြမ်းဖက်စစ်ခေါင်းဆောင် မင်း အောင် လှိုင် ၏ အကျိုးစီးပွားကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်းသာဖြစ်ပြီး ပြည်သူလူထုကို သစ္စာဖောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း PNLA သတင်းနှင့် ပြန် ကြားရေးဌာနထံမှ သိရသည်။
ဓာတ်ပုံ – စစ်တပ်က ပြည်သူများ၏ နေအိမ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
