ရန်ကုန်၊ ဩဂုတ် ၂၁
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ယမန်နေ့ ညပိုင်းတွင် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြို့ကိုးပင်ရွာ၊ ကိုင်းကြီးရွာနှင့် သရင်းကုန်းရွာတို့ကို ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း သရင်းကုန်းရွာမှ အသက် ၄၇ နှစ်အရွယ် ဦးမင်ဇော်ဦးနှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်မော် တို့သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ကျန်ရှိသော ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေက လက်နက်ကြီးကော ဒရုန်းတွေနဲ့ကော ကြို့ပင်ကောက်နဲ့ အုတ်ဖိုက ရွာတွေကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ သရင်းကုန်းရွာကိုတော့ ဒရုန်း ဗုံးသီးကျတာ ဒေါ်မော်ကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ဦးမင်ဇော်ဦးကတော့ ပြင်းထန်ဒဏ်ရာရလို့ ဆေးရုံအသွား လမ်းမှာ သေဆုံးသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်အတွင်းတွင် စစ်ကြောင်းထိုးမှုများလည်းရှိနေပြီး ပြည်သူပိုင်ကျေးရွာများနှင့်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး လုယက်မှုများ ကျူးလွန်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




