30.4 C
Yangon

ကျောက်မဲ၊ ပင်တီးဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးထိခိုက်မှုအပေါ် သျှမ်းကျောင်းသားသမဂ္ဂနှင့် Tai Youth အဖွဲ့တို့က ပြင်းထန်စွာ ကန့်ကွက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တီးဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက် ခိုက်မှုကြောင့် ပြည်သူများ သေဆုံးထိခိုက်မှုအပေါ် သျှမ်းကျောင်းသားသမဂ္ဂနှင့် ရှမ်းအရပ်ဘက်အဖွဲ့ဖြစ်သော Tai Youth Yangon တို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ကြသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ကျောက်မဲမြို့နယ် ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွက် အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများနှင့် ဝေးရာ နေရာများသို့ အမြန် ပြောင်းရွှေ့ပေးသွားရန် Tai Youth Yangon မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က လေကြောင်းတိုက်ခတ်ရာတွင် အကြမ်း အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်ကို သေချာစွာ စုံစမ်း စိစစ်မှုမလုပ်ဘဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် TNLA ကလည်း ထွက်ပြေးတိမ်းရှောင်မည့် ဒေသခံပြည်သူများကို ဟန့်တား ပိတ်ဆို့မှု ပြုလုပ်ခဲ့ခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပြီး လေကြောင်း အန္တရာယ် ကျရောက်နိုင်သော၊ ထင်သာမြင်သာ ရှိနေသော လုံခြုံရေး စစ်ဆေးရေး ဂိတ်များကို ချက်ခြင်း ဖျက်သိမ်းကာ အရပ်သားပြည်သူများနှင့် ဝေးရာ နေရာများသို့ အမြန် ပြောင်းရွေ့ပေးသွားရန်လည်း Tai Youth Yangon က တောင်းဆိုသည်။

“နှစ်ဖက်လက်နက်ကိုင်တပ်တွေဟာ စစ်ဖက်ဆိုင်ရာ လေးစား လိုက်နာရမယ့် စံနှုန်းတွေကို တိတိကျကျ မလိုက် နာခဲ့ဘူးဆိုတာကို ဖော်ပြတဲ့ သက်သေတွေ အများကြီး ရှိထားပါတယ်။ နောင်တစ်ချိန် တရားမျှတမှု ပြန်လည်ရှာဖွေခွင့် ရတဲ့အခါ ဒါက တာဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်”ဟု Tai Youth Yangon မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်အနေနှင့်မူ စစ်ရေးပစ်မှတ်ကို သေချာစွာ စုံစမ်း စိစစ်ခြင်းမပြုဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ပင်တီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူများ ထိခိုက် သေဆုံးခဲ့ရမှုအပေါ် တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း ရှမ်းလူမှုအဖွဲ့အစည်းများက ထောက်ပြထားသည်။

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယခုကာလတွင် စစ်ရေး၊ အသိ၊ သတိ မပြတ်ဘဲနေထိုင်ကာ စစ်ရိပ် စစ်ငွေ့များ ကြားသိရပါက ပေါ့ပေါ့ဆဆ မနေဘဲ ချက်ချင်း ဘေးကင်းလုံခြုံရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်ကြရန်၊ ပြည်သူများ ရွှေ့ပြောင်းနိုင်ရန်အတွက် အရေးပေါ် အကူအညီများတောင်းခံလိုပါက ဒေသတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းများသို့ ဆက်သွယ်နိုင်ပြီး အဆိုပါ အဖွဲ့အစည်းများမှ တစ်ဆင့် လိုအပ်ချက်များအပေါ် သျှမ်းအရပ်ဖက် အဖွဲ့အစည်းများအတူ ပူးပေါင်းကာ ကူညီပေးမည်ဖြစ်ကြောင်း Tai Youth Yangon ကဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ပင်တီးဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုခဲ့မှုနှင့် ပတ်သက်၍ သျှမ်းကျောင်းသားများသမဂ္ဂကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ပြည်သူများ သေဆုံးရမှုအတွက် နောင်တစ်ချိန်တွင် တရားမျှတမှုပြန်လည်ရရှိရေး ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ကျမတို့အနေနဲ့စစ်ကောင်စီရဲ့အခုလိုလုပ်ရပ်တွေကိုပြင်းထန်စွာကန့်ကွက်သလို နောင်တချိန်ကျရင် ဒီရာဇဝတ်မှုတွေကိုအရေးယူနိုင်ဖို့အစွမ်းကုန်ကြိုးစားသွားပါ့မယ်လို့ပြောချင်ပါတယ်”ဟု သျှမ်းကျောင်းသားများသမဂ္ဂက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article