28.3 C
Yangon

စစ်တပ်က ဂုတ်ထိပ်တံတားကို ဒရုန်းဖြင့် ၎င်းတို့ကိုယ်တိုင် ဗုံးကျဲဖျက်ဆီးပြီးနောက် TNLA နှင့်PDF ၏ လက်ချက်ဟု အပြစ်ပုံလွှဲချကာ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု အကြမ်းဖက် ဇော်မင်းထွန်း ပြော

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

အကြမ်းဖက်စစ်တပ်က ဂုတ်ထိပ်တံတားကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီးပြီးနောက် TNLA နှင့်PDF ၏ လက်ချက်ဟု လွှဲချကာ ပြင်း ပြင်းထန်ထန် လက် တုံ့ပြန်မည်ဟု အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်၏ ဒရုန်းများက TNLA စခန်းရှိရာသို့ လာရောက် ဗုံးကျဲချချိန် စစ်ကောင်စီတပ်၏ ဒရုန်းဗုံးများက ဂုတ်ထိပ်တံတားပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ကာ ဂုတ်ထိပ်တံတား၏ အုတ်နံရံဘောင်နှင့်သံမဏိဘောင်ဆက်သွယ်ထားသော နေရာမှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ထိုသို့ ဂုတ်ထိပ်တံတားကို ၎င်းတို့ကိုယ်တိုင် ဒရုန်းဖြင့် ဗုံးချ ဖျက်ဆီးခဲ့ပြီးနောက် TNLA နှင့် PDF က မိုင်းခွဲဖျက်ဆီးသည်ဟု အပြစ်ပုံချလာသည့်အပြင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု အကြမ်းဖက် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုသည်။

“ဒီဂုတ်ထိပ်တံတားဆိုတာ ရှမ်းပြည်နယ်​မြောက်ပိုင်းရဲ့ မြန်မာအလယ်ပိုင်းကို ဆက်သွယ်ထားတာဖြစ်တယ်။ သမိုင်းဝင် တံတားကြီးတစ်စင်းလည်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီဂုတ်ထိပ်တံတားနဲ့ပတ်သက်ပြီးတော့ ယခင် အင်္ဂလိပ် လက်ထက်ကတည်းက သုံးစွဲလာတဲ့ တံတားလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ဂုဏ်ယူရတဲ့တံတားလည်းဖြစ်ပါတယ်။ အများပြည်သူ သုံးစွဲနေရတဲ့ တံတားလည်းဖြစ်ပါတယ်။ ဒါကို ဆောင်ရွက်ရခြင်းက TNLA နဲ့ PDF တွေရဲ့ ရက်စက်ယုတ်မာမှုပေါ့။ ပြည်သူလူထု တစ်ခုလုံးအပေါ်မှာ ယုတ်မာမှုကို လက်တွေ့ ပြသတာလည်းဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ဆက်လက် ဆောင်ရွက်သွားပါမယ်။” ဟု အကြမ်းဖက် ဇော်မင်းထွန်းက လိမ်လည် ပြောဆိုထားသည်။

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်တပ်က ဂုတ်ထိပ်တံတားကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း အတည်ပြု ပြောဆိုထားပြီးဖြစ်သည်။

“တကယ် ဒီဂုတ်ထိပ်တံတားကို ဖျက်ဆီးတာက စစ်ကောင်စီဖြစ် ပါတယ်။ စစ်ကောင်စီသည် ဒရုန်းကို အသုံးပြုပြီးတော့မှ ဗုံးကျဲတိုက်ခိုက်တာဖြစ်ပါတယ်။ အဲဒီကို ဒရုန်းနဲ့ လာရောက်ပြီးတော့ ဗုံးကျဲတိုက်ခိုက်တဲ့အချိန်မှာ ဗုံးက ကျမတို့ TNLA တပ်စခန်းကို ကျရောက်ပေါက်ကွဲတာမျိုးမဖြစ်ပဲနဲ့ ဒီဂုတ်ထိပ်တံတားကို ကျရောက်ပေါက်ကွဲ တာဖြစ်ပါတယ်” ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဂုတ်ထိပ်တံတား သည် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် ၇ မိုင်အကွာတွင် တည်ရှိသည်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြုခံခြင်းဖြစ်သည်။ ဗြိတိသျှ ကိုလိုနီခေတ် ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ ၃၀⁠၀ ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည် ဆောက်ထားခြင်း ဖြစ်ပြီး ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထား၍ ဂုတ်ထိပ်တံတားဟု ခေါ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ ၂⁠၂၆၀ပေ ရှိပြီး တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း ၁⁠၁၀၀ မြင့်သည်ဟုသိရှိရသည်။ ထိုတံတားကို ဆောက်လုပ်ရာ၌ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်း ၁ဝ⁠ဝဝ⁠ဝဝဝ ကို သုံးစွဲရပြီး ပေ ၁၂၀ ရှည်သော အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၆-ခုတို့ဖြင့် သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်ထားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article