26.9 C
Yangon

စစ်တပ်၏ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ၈ နှစ်ပြည့်ချိန် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးရှေ့ မှောက် ခေါ်ဆောင်ရန် SAC-M တိုက်တွန်း၊ ဗြိတိန်က တရားမျှတမှု ရရှိရေး ဆက်ပံ့ပိုးမည်

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

အကြမ်းဖက် စစ်တပ်၏ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ၈ နှစ်ပြည့်ချိန် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးရှေ့မှောက် ခေါ်ဆောင်ရန် မြန်မာနိုင်ငံဆိုင်ရာအထူး အကြံပေးကောင်စီ (SAC-M) က တိုက်တွန်းသည်။

လွန်ခဲ့သော ၈ နှစ် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာပြည်သူ များအပေါ် ရက်စက်စွာ လူမျိုးသုဉ်းသတ်ဖြတ်အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း၊ စစ်တပ်က မီးရှို့ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ညှင်း ပန်းနှိပ်စက်ခြင်း၊ လူမျိုးစုသုတ်သင်ရှင်လင်းခြင်း လုပ်ရပ်များကို အဖွဲ့အစည်းလိုက် စနစ်တကျကျူးလွန်ခဲ့ရာ ထိုဖြစ်စဉ်များအတွင်း ရိုဟင်ဂျာပြည်သူများ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ လူ ၇၅၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ထွက်ပြေးကာ ယခင် လူမျိုးရေးဖိနှိပ်သတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများ နှင့်အတူ သွား ရောက်ပေါင်းစည်း နေထိုင်ခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာပြည်သူများ ဆက်လက်ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများကို တရားမျှတ မှုဖော်ဆောင်ပေးရန် ပျက်ကွက်နေသည့် နိုင်ငံတကာအသိုင်း အဝိုင်းကိုလည်း SAC-M က မေးခွန်းထုတ်သည်။

“ရိုဟင်ဂျာလူ မျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ကြိုးကိုင်အမိန့်ပေးသူတွေဖြစ်တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်နဲ့ လုပ်ချင်ရာလုပ်လို့ရနေတုန်းပါပဲ။ အရင်က ရိုဟင်ဂျာပြည်သူတွေ ကြုံခဲ့ရတဲ့ အခြေအနေဆိုးတွေကို အခုတစ်နိုင်ငံလုံးမှာ ကြုံတွေ့နေရတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာအထူး အကြံပေးကောင်စီ (SAC-M) မှ Marzuki Darusman ကပြောသည်။

မြန်မာစစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ရက် စက်ကြမ်း ကြုတ်မှုများ ဆက်လက်ကျူးလွန်လာခဲ့ကာ မြေလှန်ဖျက်ဆီးရေးဗျူဟာကို အသုံးပြု၍ ထိုးစစ်ဆင်မှုများ ပြုလုပ်လာခဲ့သော ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၃ ဒသမ ၃ သန်းကျော်အထိ ရှိလာခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့သည် အကူအညီများ မဝင်ရောက်နိုင်အောင် ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သောကြောင့် ရခိုင် ပြည် နယ်ရှိ ဒေသခံလူထုများ အငတ်ဘေးကျရောက်ရမည့်အဖြစ်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) အကြားဖြစ်သော တိုက်ပွဲများသည် ရိုဟင်ဂျာဒေသခံလူထုများကို အလွန် အန္တရာယ်များသော အခြေအနေအတွင်းသို့ ကျရောက်အောင် တွန်းပို့နေလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလက ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၆၀၀ ဝန်းကျင်ခန့် အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သက် သေအသစ်များ မကြာသေးခင်က ပေါ်ထွက်လာခဲ့ကြောင်း၊ AA က ကျူးလွန်ခဲ့သည်ဟုဆိုသော ထိုသတ်ဖြတ်မှုများသည် ပြင်း ထန်သောရာဇဝတ်မှု စွပ်စွဲချက်များစွာထဲမှ နောက် ထပ် အသစ် ထွက်ပေါ်လာသော စွပ်စွဲချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အရေး တကြီးလိုအပ်ကြောင်း SAC-M က ထောက်ပြထားသည်။

“လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်ထဲဝင်ရောက်ပြီး စွပ်စွဲထားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့်ရအောင် စီစဉ်ပံ့ပိုးပေးဖို့နဲ့ သူတို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လက်တွေ့တရားဝင်အုပ်ချုပ်သောအာဏာပိုင်ဖြစ်တဲ့ အာရက္ခတပ်တော်ကို ကျမတို့ ထပ်ပြီးတောင်းဆိုပါတယ်” ဟု SAC-M မှ Yanghee Lee ကပြောသည်။

၂၀၂၄ ခုနှစ်မှစ၍ ရိုဟင်ဂျာပြည်သူ အနည်းဆုံး ၁၅၀,၀၀၀ ခန့် ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့ရကြောင်း၊ အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် ကျဉ်းကျပ်စွာနေထိုင်နေရသော ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် နှင့်အတူ သွားရောက်ပေါင်းစည်း နေထိုင်ခဲ့ရကြောင်း၊ အမေရိကန်နှင့် အခြား အလှူရှင်နိုင်ငံများက အကူအညီ ဖြတ်တောက်လိုက်ခြင်း၏ သက်ရောက်မှုများကြောင့် ထိုဒုက္ခသည်စခန်းများအတွင်း အခြေခံဝန်ဆောင်မှုများ အများအပြား လျော့ချခံခဲ့ရကြောင်း သိရှိရသည်။

သို့စေကာမူ ရိုဟင်ဂျာလူထုများက တရားမျှတမှုအတွက် မနားတမ်း ဆက်လက်ကြိုးပမ်းလာခဲ့ရာ ယခု နောက် ဆုံးတွင် နိုင်ငံ တကာယန္တရားများက စတင်တုန့်ပြန်မှုများ ပြုလုပ်လာပြီဟု ယူဆရကြောင်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံ နှင့် အိုင်ယာလန်နိုင်ငံတို့ကို မြန်မာနိုင်ငံ လူမျိုးတုန်းသတ် ဖြတ်မှုအရေးတွင် ပါဝင်ဆောင်ရွက်ရန် နိုင်ငံတကာတရားရုံးက ဇူလိုင်လတွင် အတည်ပြုပေးခဲ့ကြောင်း၊ ဤအမှုကို ထောက်ခံသည့် နိုင်ငံ ၇ နိုင်ငံရှိထားပြီး ၎င်းတို့သည် ထပ်တိုးထောက်ခံ လာသော နိုင်ငံများဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလတွင်လည်း အာဂျင်တီးနိုင်ငံ တရားရုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာ ထိပ် တန်းအရာရှိ ၂၅ ဦးကို ရိုဟင်ဂျာပြည်သူများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း၊ ထို့ပြင် ထိုမတိုင်ခင် ၃ လလောက်ကလည်း မင်းအောင်လှိုင်အား ဖမ်းဆီးနိုင်ရေး ဝရမ်းထုတ်ပေးရန် ICC တရားလိုရှေ့နေက လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

“ရိုဟင်ဂျာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လုပ်ပေးလို့ရနိုင်တဲ့ အဓိပ္ပါယ်အပြည့်ဝဆုံး အရာ တစ်ခုက တော့ မင်းအောင်လှိုင်နဲ့ အခြားမြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံး တစ်ခုခု ရှေ့ မှောက်ကို ခေါ်လာပေးတာပဲ ဖြစ်ပါတယ်” ဟု SAC-M မှ Chris Sidoti က ပြောဆိုသည်။

ရိုဟင်ဂျာပြည်သူများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူများအားလုံး နှင့်အတူ ရပ်တည်ကာ စည်းလုံးမှုနှင့် သွေးစည်းညီညွှတ်မှုဖြင့် မြန်မာစစ်အာဏာရှင်များကို ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း SAC-M က ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ Andrew Jackson က ရိုဟင်ဂျာများ အကအကွယ်ပေးရေးနှင့် အကြမ်း ဖက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရေး ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ပြောဆိုသည်။

“ရိုဟင်ဂျာအသိုက်အဝန်းများအား အကာအကွယ်ပေးရေးအတွက် ထားရှိတဲ့ ယူကေအစိုးရရဲ့ ကတိကဝတ်မှာလည်း အခိုင်အမာတည်ရှိနေဆဲဖြစ်သလို မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမှာမဆို ဖြစ်ပေါ်နေတဲ့အကြမ်း ဖက်မှုများအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရန် ယူကေအစိုးရရဲ့ပံ့ပိုးပေးမှုကလည်း မပြောင်းမလဲတည်ရှိနေပါတယ်။ ထိုသို့လုပ်ဆောင်ရာမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင် ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)များကတစ်ဆင့် ကြိုးပမ်းဆောင်ရွက်နေမှုများလည်းပါဝင်ပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article