ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို ထောင်အာဏာပိုင်များက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ တိုက်ပိတ်ပြစ်ဒဏ်များပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၂၃ ရက်နေ့ ဒိုက်ဦးအကျဉ်းထောင်၊ အမျိုးသမီး (မေခ) အဆောင်၏ အခန်း ၁ ကို အကျဉ်းဦးစီးဝန်ထမ်းများက ရှာဖွေရေးဝင်ရာတွင် နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေး၏ နေရာအနီး ဖုန်းဘတ္ထရီတစ်ခု တွေ့သည်ဟုဆိုကာ တိုက်ပိတ်ပြစ်ဒဏ်ပေးရန် မနိုဗာနီနီထွေးကို အကျဉ်းဦးစီးဝန်ထမ်းများကလာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ သို့သော် အဆိုပါသိမ်းဆည်းရရှိသည်ဆိုသည့် ပစ္စည်းကို တရားဝင်ပြသခြင်းမရှိသည့်အပြင် မနိုဗာနီနီအေး၏ လက်ဝယ်အတွင်းမရှိဘဲ ရည်ရွယ်ချက်ရှိစွာ စွပ်စွဲ၍ ခွဲခြားအပြစ်ပေးသည့်ပုံစံဖြစ်သည့်အတွက် ပြစ်ဒဏ် မခံနိုင်ကြောင်း မနိုဗာနီနီထွေးက တင်ပြခဲ့ကြောင်း၊ သို့ရာတွင် အကျဉ်းဦးစီး ဝန်ထမ်းများက အင်အားသုံးကာ မနိုဗာနီနီထွေးကို တိုက်ပိတ်မည့်နေရာခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မနိုဗာနီနီထွေးကို ခေါ်ဆောင်ရာတွင် အကျဉ်းဦးစီးမှူး သုံးပွင့် အဆင့် ဇင်မာကြည်အောင်၊ တစ်ပွင့် သဇင်မြင့်နှင့် တပ်သား ဖြိုးထက်ထက်အောင်တို့က ဆံပင်ဆွဲခြင်း၊ ခန္ဓာကိုယ်အနောက်ခြမ်းကို ရိုက်နှက်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်မှာ မတရားသောဖြစ်စဉ်ဖြစ်၍ နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးကို တိုက်ပိတ်ပြစ်ဒဏ်မပေးရန်နှင့် ဖိနှိပ်မှုမလုပ်ဆောင်ရန်အတွက် ဒိုက်ဦးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူများက ဝိုင်းဝန်းတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
သို့ရာတွင် အကျဉ်းဦးစီးဌာနက နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးကို တိုက်ပိတ်ခဲ့သည့်အပြင် ထောင်ဆူပူအောင်လုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသူများအနက်မှ နိုင်ငံရေးအကျဉ်းသူ ၇ ဦးကိုပါ ထပ်မံတိုက်ပိတ်ခဲ့ကြောင်း သိရှိရသည်။
“ဒိုက်ဦးအကျဉ်းထောင်မှာက အရင်ကတည်းက ခွဲခြားဆက်ဆံမှုတွေ ရှိတယ်။ အခုဖြစ်စဉ်မှာပါတဲ့ မနိုဗာနီနီထွေးကိုတော့ သူတို့တမင်ရည်ရွယ်ပြီးတော့ လုပ်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဝင်လာပြီးတော့ ရှာဖွေရေးဝင်တယ်။ သူ့နေရာနားလေးမှာ ဘက်ထရီတွေ့တယ်ဆိုတဲ့ ပုံစံမျိုး ခေါ်ယူတိုက်ပိတ်တယ်။ တကယ်ဆိုလို့ရှိရင် သက်သေပြရမယ်။ ဘယ်မှာလဲ ပစ္စည်းဆိုတဲ့ ပုံစံမျိုး။ သက်သေပြတာမျိုး မရှိဘူး။ ခေါ်ဆောင်သွားတဲ့အခါမှာလည်း ကောင်းကောင်းမွန်မွန်ခေါ်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ ဆံပင်တွေကို ဆွဲပြီးတော့ ခေါ်သွားတာမျိုးတွေ၊ ခန္ဓာကိုယ်အနောက်ပိုင်းတွေကို ရိုက်နှက်ပြီးတော့ ခေါ်ဆောင်သွားတယ်။ ပြီးတော့ မတရားလုပ်ဆောင်တာ ဖြစ်တဲ့အတွက် အခန်း ၁ ထဲက မြင်ရ တွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ ၇ ဦးကိုလည်း ထောင်ဆူပူတယ်ဆိုပြီးတော့ တိုက်ပိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာဖြစ်တယ်။ အမျိုးသားဝန် ထမ်းတွေကိုပါ ခေါ်ပြီး အင်အားသုံးပြီးတော့ လုပ်ဆောင်တာဖြစ်တယ်။ မနိုဗာနီနီထွေးရဲ့ ပစ္စည်း ဟုတ် မဟုတ်ဆိုတာ မသေချာဘဲနဲ့ စွတ်စွဲထားတာ ဖြစ်တယ်။ နောက်ထပ်တိုက်ပိတ်ခံထားရတဲ့ ၇ ဦးဟာလည်း မတရားတိုက်ပိတ်ခံထားရတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးနှင့်အတူ တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဉ်းသူ ၇ ဦးမှာ ဒေါ်နုနုအောင်၊ မညိုညိုဝင်း၊ခင်ရတနာဝင်း၊မမြသန္တာအောင် ၊မအေးအေးဝင်း၊ မချယ်ရီထွေးနှင့်မစုနန္ဒာလှိုင်တို့ဖြစ်သည်။
အကျဉ်းထောင် ထောင်အာဏာပိုင်များက အမျိုးသမီးအဆောင်တိုက်ထဲတွင် လူပြည့်နေသည်ဟုဆိုကာ အမျိုး သားအဆောင် ၄ နှင့် စားဖိုဆောင်ကြားတွင်ရှိသည့် နဂိုမူလအမျိုးသားများထားရာတိုက်တွင် နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်ထားကြောင်း၊ ယင်းသို့ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဥ်းသူ စုစုပေါင်းမှာ ၂၇ ဦးဝန်းကျင်အထိ ရှိနေကြောင်း PPNM က ထုတ်ပြန်ထားသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်ထားသည့် တိုက်ခန်းများသည် ကြားခံ ကွပ်ပျစ်အပါအဝင် မည်သည့်အောက်ခံအခင်းမျှမရှိဘဲ သမံတလင်းပြင်များသာရှိနေကာ တိုက်ခန်းများသည်လည်း ဟောင်းနွမ်းနေကြောင်း၊ ထို့ကြောင့် မိုးရာသီအချိန်ဖြစ်သည့်အားလျော်စွာ မိုးယိုခြင်း၊မိုးပက်ခြင်းများကိုပါ ခံနေရကြောင်း၊ မိလ္လာစနစ်ကိုလည်း ပြင်ဆင်ထားခြင်းမရှိသည့်အတွက် အခန်းအတွင်း မိလ္လာရေများစီးကာ ဆိုးရွားလွန်းသည့် အနံ့အသက်များကို ခံစားနေကြရကာ ထိုအခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသူများသည် ကျန်းမာရေးအနေဖြင့် အားနည်းခြင်း၊ နေမကောင်းခြင်းများဖြစ်ပေါ်လျက်ရှိကာ ထောင်ဆရာဝန်များသည်လည်း အချိန်နှင့်တပြေးညီလာရောက်ကြည့်ရှုပေးခြင်းမရှိကြောင်း သိရှိရသည်။
တိုက်ပိတ်ခံ နိုင်ငံရေးအကျဥ်းသူများအနေဖြင့် ရေချိုးချိန်တွင် တိုက်အပြင်ဘက်ထွက်ကာ ချိုးရသည့်အတွက်ကြောင့် အမျိုး သားအဆောင်မှ မြင်နေရကြောင်း၊ ထို့ကြောင့် ရေချိုးရသည့်အခါတိုင်း စိတ်မလုံခြုံမှုများခံစားကြရကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသူများအပေါ် မတရားဖိနှိပ်နေမှုများအား အမြန်ဆုံးရပ်တန့်ရန်၊အကျဉ်းသားအခွင့်အရေးအပြည့်အဝပေးရန်၊တိုက်ပိတ်ပြစ်ဒဏ်ပေးမှုအား ရပ်တန့်ပြီး မူလအဆောင်များသို့ ပြန်လည်ပို့ဆောင်ရန်၊နောက်နောင် ယခုကဲ့သို့ ဖိနှိပ်မှုများမပြုလုပ်ရန်လိုအပ်ပြီး နိုင်ငံရေးအကျဉ်းသူများသည် လူအခွင့်အရေးအပြင် ဆိုးဝါးလှသည့် အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုများကို ဖိနှိပ်ခံနေရခြင်းဖြစ်ကြောင်း PPNM ထောက်ပြ တောင်းဆိုထားသည်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူများကို အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ စွပ်စွဲပြီးနောက် ရိုက်နှက်ဖိနှိပ်ခြင်းများ၊ တိုက်ပိတ်ခြင်းများကို ပါဝင်ကျူးလွန်သူများကို PPNM အနေဖြင့် မှတ်တမ်းရယူထားပြီး ထိရောက်သည့် ပြစ်ဒဏ်များ ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ – အကျဉ်းထောင်အတွင်း အကျဉ်းသားများကို ထောင်အာဏာပိုင်များက စားစရာ အချိုးကျ ဝေငှနေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
