26.5 C
Yangon

ရှမ်းပြည်နယ် အရှေ့ပိုင်း NDAA (မိုင်းလားတပ်) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေပြီး ၄ နှစ်အတွင်း မြေရှားသတ္တုတွင်းများ အဆမတန်တိုးပွားလာ ၊ မြေရှားသတ္တုများကို တရုတ်နိုင်ငံက တိုးမြှင့်ထုတ်ယူနေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မဲခေါင်မြစ်အနီး အရှေ့ပိုင်း NDAA (မိုင်းလားတပ်) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေပြီး ၄ နှစ်အတွင်း မြေရှားသတ္တုတွင်းများ အဆမတန်တိုးပွားလာကြောင်း ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှမ်းပြည်အရှေ့ဘက်အစွန်ဆုံး မိုင်းယောင်းမြို့နယ်အတွင်းတွင် ၂၀၂၅ ခုနှစ် မေလအတွင်း ဂြိုဟ်တုဓာတ်ပုံများအရ မြေရှားသတ္တုတူးဖော်သည့် နေရာ ၁၉ ခုအထိ ရှိလာကြောင်း ၊ အဆိုပါ ဒေသတွင် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် မြေရှားသတ္တုတူးဖော်သည့် သတ္တုတွင်းမှာ ၃ ခုသာ ရှိခဲ့သော်လည်း ၄ နှစ်အတွင်း မြေရှားသတ္တုတူးဖော်မှု အဆမတန်တိုးပွားလာနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အဓိကကတော့ မဲခေါင်မြစ်ကို မှီခိုနေရတာက မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘူး။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားအထိဆိုတော့ ဒီပြဿနာက နိုင်ငံတကာ ပြဿနာအထိ ဖြစ်လာတယ်လို့ ပြောချင်တယ်။ နောက်တစ်ခုက မြေရှားသတ္တုတွင်းတွေက ရတဲ့ အကျိူးစီးပွားက အကုန်လုံး တရုတ်ဆီကိုပဲ တိုက်ရိုက်သွားတယ်။ ဒေသခံပြည်သူတွေ အကျိုး ဘာမှ ပြန်မရဘူး။ အဲဒါကြောင့်မို့လို့ ဒီ မြေရှားသတ္တုတွင်းတွေကို တရုတ်ကို အကျိုးရှိစေမယ့်၊ တရုတ်ကနေမှ စစ်ကောင်စီ ပြန်ပြီးမှ ထောက်ပံ့နေတယ်ဆိုတော့ တစ်ဖက်လှည့်နဲ့ စစ်ကောင်မရှင်ကို အကျိုး ဖြစ်ထွန်းစေတဲ့ မြေရှားသတ္တုတွင်းတွေကို ဆက်ပြီး မတူးဖော်ဖို့ တောင်းဆိုချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မိုင်းယောင်းမြို့နယ်သည် အမျိုးသား ဒီမို ကရေစီမဟာမိတ်တပ်မတော်-NDAA သို့မဟုတ် “မိုင်းလား” တပ်ဖွဲ့ ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး မြေရှားသတ္တုတူးဖော်သည့် နေရာများသည် မဲခေါင်မြစ်နှင့် ကီလိုမီ တာ ၄၀ ထက် နည်းသော အကွာအဝေးတွင် တည်ရှိနေကြောင်း၊ လက်ရှိတည်ရှိနေသော သတ္တုတွင်းနေရာ ၁၉ ခုစလုံးသည် ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းများကဲ့သို့ စက်ဝိုင်းပုံစံ ဓာတ်ပြုကန်များကို အတန်းလိုက်တွေ့မြင်ရပြီး ၎င်းမှာ မြေရှားသတ္တုများ ထုတ်ယူရန် နေရာတွင်ပင် ဓာတုဗေဒနည်း ဖြင့်ပျော်ဝင်စေခြင်း (in−situ leaching) နည်းလမ်းကို အသုံးပြုနေသည်ကို ပြသနေကြောင်း သိရှိရသည်။

NDAA နယ်မြေရှိ သတ္တုတွင်းများမှ အလုပ်သမားများ လူမှုကွန်ရက်တွင် တင်ထားသည့် ဗီဒီယိုများတွင်လည်း အဆိုပါ ဓာတုဗေဒ နည်း ဖြင့်ပျော်ဝင်စေသည့် နည်းလမ်းများနှင့် စက်ပစ္စည်းများကို တွေ့မြင်ရပြီး ဓာတုဗေဒပစ္စည်းများ ထည့်ထားသည့် အိတ် ထောင်ပေါင်းများစွာနှင့် ဓာတုဆေးရည်များ ထိုးသွင်းရန် ပိုက်လိုင်းများဖြင့် ဖုံးလွှမ်းနေသည့် တောင်စောင်းများကိုလည်း တွေ့ရကြောင်း၊ ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အဆိုပါ ဒေသတွင် မြေရှားသတ္တုတွင်းမှာ ၃ ခုသာ ရှိခဲ့သော်လည်း အဆိုပါ ၃ ခုလုံးမှာ လက်ရှိတွင် အသုံးမပြုတော့ကြောင်း ၊ လက်ရှိတွင် သတ္တုတွင်း ၁၆ ခုမှာ လည်ပတ်နေဆဲဖြစ်သည်ကို ဓာတ်ပြုကန်များအတွင်း အရည်များ ပြည့်နေခြင်းအား ဖြင့် တွေ့မြင်နိုင်ပြီး ကျန်သုံးခုမှာ မေလအတွင်း တည်ဆောက်နေဆဲဖြစ်သော်လည်း တည်ဆောက်ဆဲ စက်ဝိုင်းပုံကန်တန်းများကြောင့် ခွဲခြားသိရှိနိုင်ပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မိုင်းယောင်းဒေသရှိ သတ္တုတွင်းအများစုသည် တရုတ်နယ်စပ်နှင့် ၄ ကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ မှ ၅,၀၀၀ ကြားရှိသော မြင့်မားသောတောင်တန်းဒေသတွင် တည်ရှိပြီး အဆိုပါ ဒေသမှ ရေများသည် နပ်ချောင်း (Nap stream) အတွင်းသို့ စီးဝင်ကြောင်း၊ ထိုချောင်းသည် တောင်ဘက်သို့ ဆက်လက်စီးဆင်းကာ မဲခေါင်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော လွေမြစ် (Lwe River) အတွင်းသို့ စီးဝင်ပြီး သတ္တုတွင်းလေးခုသာ လွေ မြစ်၏တောင်ဘက်ရှိ တောင်တန်းများတွင် တည်ရှိကာ ထိုသတ္တုတူးဖော်ရာနေရာမှ ရေများသည် မြောက်ဘက်သို့ စီးဆင်းပြီး လွေမြစ်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်။

လွေမြစ်သည်လည်း လာအို၊ မြန်မာ၊ ထိုင်း နယ်စပ်များ ဆုံရာ ရွှေတြိဂံမြစ်ဆုံ၏ အရှေ့မြောက်ဘက် ၁၂၅ ကီလို မီတာ ခန့် အကွာ၊ လာအိုနိုင်ငံ လုံနမ့်သာ (Luangnamtha) ခရိုင်၏ တစ်ဖက်ကမ်း ဖြစ်သော ဆွပ်လွေ နေရာတွင် မဲခေါင်မြစ် နှင့် ပေါင်းဆုံကြောင်း ၊ မြေရှားသတ္တုအပြင် အခြား သတ္တုတူးဖော်မှုများလည်း လွေမြစ်တစ်လျှောက်တွင် လုပ်ဆောင်နေပြီး ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်

မြေရှားသတ္တုတွင်းများအားလုံးသည် ၁၉၈၉ ခုနှစ် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီး ချိန်မှစ၍ NDAA က ထိန်းချုပ်ထားသည့် အထူးဒေသ (၄) နယ်မြေအတွင်းတွင် တည်ရှိကြောင်း၊ သတ္တုတူးဖော်မှုများကြောင့် အဆိုပါဒေသရှိ ကျေးရွာများ၏ ပတ်ဝန်းကျင်နှင့် ဒေသပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်ခဲ့သည်ကို ၂၀၀၆ ခုနှစ်ကတည်းက ဖော်ထုတ်မှုများရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီခန့် ရှမ်းပြည်နယ် ဝန်ကြီး ဦးအောင်အောင်နှင့် စစ် ကောင်စီ ၏ တြိဂံဒေသတိုင်းစစ် ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်တို့ သည် တရုတ်နိုင်ငံသို့ အဓိကဝင် ထွက် ရာနယ်စပ် ကုန်သွယ်ရေး တံခါး ပေါက် တစ်ခုဖြစ်သည့် NDAA ဌာန ချုပ် မိုင်းလားမြို့သို့ သွားရောက် ကာ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံမှုလုပ်ဆောင်ခဲ့ပြီး ဆွေးနွေးမှုများ၏ အသေးစိတ်ကိုမူ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း၊ ထိုမတိုင်မီတစ်ရက်ဖြစ်သည့် ဩဂုတ်လ ၆ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ မြောက်ပိုင်းနယ်မြေရှိ မိုင်းပေါက်နှင့် ပန်ဆန်းမြို့များတွင် UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုသည်။

ဓာတ်ပုံ – မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article