တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၆ ရက်တာ တိုက်ခိုက်ရာ စစ်သား ၃၆ ဦးသေဆုံးပြီး ခမရ ၄၀၉ တပ်ရင်းမှ ဗိုလ်မှူး ၁ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူက မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ခလရ ၂၈၂ တပ်ရင်းမှ လက်နက်ကြီး ပစ်ကူပေး၍ စစ် ကြောင်းထိုးဝင်ရောက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်တပ် စီစစ်ကြောင်းကို ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာ အကြားတွင် ညီနောင်တပ်ဖွဲ့ နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၂မိနစ်ခန့်တွင် ရေဖြူမြို့နယ် ၊ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသော ခလရ ၂၈၂ တပ်ရင်းမှ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းနှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်းမှာ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။
ထို့အတူ ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ မရမ်းချောင်းကျေးရွာအနီးကို ထပ်မံစစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မရမ်းချောင်းဘုန်းကြီးကျောင်းအတွင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၄ ရက်နေ့တွင် မရမ်းချောင်းကျေးရွာမှ မိုင် ၆၀ ကျေးရွာ သို့ ထပ်မံ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ၄ ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရေဖြူမြို့နယ် အမှတ် (၈) ပြည်ထောင်စုလမ်းမဘေးရှိ သာယာမွန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၆ ရက်တာ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၆ ဦးသေဆုံးကာ ခမရ ၄၀၉ တပ်ရင်းမှ ဗိုလ်မှူး အပါအဝင် စစ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တောာ်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး သေစာရင်းကတော့ ၃၆ ကောင်ပါ။ ကျမတို့ တော်လှန်ရေး ရဲဘော်တွေ မျက်မြင် အတည်ပြုထားသလို မြေပြင် အတွင်း သတင်းရင်းမြစ်ကနေလည်း အတည်ပြုထားတာပါ။ ဒီ ၆ရက်တာ အတွင်းမှာတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာတော့ မရှိပါဘူး” ဟု Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူက မိတလဉာဏ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များတွင် ညီနောင်တပ်ဖွဲ့ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) မှ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ နှင့် ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တပ်ရင်း (၁)၊ ရေးသိန်းငှက်၊ ရာမညမွန်တပ်တော် (R.M.A)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
