စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထုတ်ကုန် ဒဂုံဘီယာဖာ ၄၅၀ တင်ဆောင်လာသော ကားကို ဖမ်းဆီးပြီး ဘီယာများအားလုံးကို ဖျက်ဆီးလိုက်ကြောင်း ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ ကလေးဝမြို့နယ် အတွင်းရှိ လမ်းပိုင်းတနေရာတွင် ကလေးဝမြို့ နယ် ပြည်သူ့ ကာကွယ်ရေး PDF ၊ ပကဖ နှင့် ပအဖ တို့က ရှောင်တခင် စစ်ဆေးရေးပြု လုပ်စဉ် အကြမ်းဖက် စစ်တပ် ထုတ်ကုန် ဒဂုံဘီယာဖာ ၄၅၀ တင်ဆောင်လာသော ကားကိုဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တပ် ထုတ်ကုန်ဘီယာများကို စွမ်းထက်အောင်ကားဂိတ်မှ တင်ဆောင်လာခြင်းဖြစ်ပြီး ပိုင်ရှင်ဖြစ်သူမှာ ဗန်ဟုပ်ဆိုသူဖြစ်ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ နေမင်းအောင် နှင့် မောင်ဌေး တို့ဖြစ်ပြီး ဖမ်းဆီးရမိသူ အားလုံးကို နောက်နောင်တွင် စစ် တပ် ထုတ်ကုန်များ သယ်ဆောင်ခြင်းမပြုလုပ်ရန် ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုဖမ်းဆီးရမိသော ဒဂုံဘီယာဖာ ၄၅၀ ကို ဩဂုတ်လ ၂၈ ရက်နေ့တွင် ကလေးဝ မြို့နယ် ပြည်သူ့ကာကွယ်ရေး PDF ၊ ပကဖ နှင့် ပအဖ အဖွဲ့ မှ တာဝန်ရှိသူများက ကာယကံရှင်များ ရှေ့မှောက်တွင် ၎င်းတို့ တင်ဆောင် လာသောယာဉ်ဖြင့် ဘီယာများအားလုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဩဂုတ် ၂၅ ရက်နေ့က ကလေးဝမြို့နယ်ထဲက လမ်းပိုင်းတနေရာမှာ စစ်ခွေး ထုတ်ကုန် ဒဂုံဘီယာဖာ ၄၅၀ တင်ဆောင်လာတဲ့ကားကို ဖမ်းဆီးရမိခဲ့တာပေါ့။ ၂၈ ရက်နေ့မှာတော့ စစ်ဆေးတာတွေ အားလုံးလုပ်ဆောင်ပြီးတာနဲ့ သူတို့ ကာယကံရှင် ရှေ့မှောက်မှာပဲ ဘီယာဗူး အကုန်လုံးကို ဖျက်ဆီးလိုက်တယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက ပြောဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသော ဒေသများတွင် စစ်တပ် ထုတ်ကုန် ဘီယာ၊အရက်များနှင့် စစ်တပ်သို့ တိုက်ရိုက်အကျိုးရှိစေသည့် ထုတ်ကုန်သည့် ကုန်ပစ္စည်းများကို သယ်ယုပို့ဆောင်ခြင်း၊ ရောင်းချခြင်းများကို ပိတ်ပင်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




