ရန်ကုန်၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊သမင်ခြံစံပြကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ကနီမြို့နယ်၊ သမင်ခြံစံပြကျေးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ စုစုပေါင်း ဗုံး ၂ လုံးကျဲချသဖြင့် သမင်ခြံစံပြကျေးရွာတောင်ပိုင်းရှိ ကျေးရွာသား ဦးကြီးလှအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းအိမ်တွင် နေထိုင်သူ ဦးကြီးလှ၏ ဇနီး အသက် ၅၀ အရွယ် ဒေါ်ကြည်စိန် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ရွာ တောင်ပိုင်းကို ဗုံး ၂လုံးကျဲချသွားတာ။ ဘာတိုက်ပွဲမှတော့ မရှိပါဘူး။အကြောင်းမဲ့ ကျဲချတာဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကနီမြို့နယ်၊ သမင်ခြံကျေးရွာကို ဗုံးကျဲချခဲ့သော လေယာဉ်မှာ မိတ္တီလာလေတပ်မှ တက်လာသော လေယာဉ်ဖြစ်ပြီး ကနီမြို့နယ်အတွင်းသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု များ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးပျက်စီးသွားသည့်အပြင် နွား ၁ ကောင်လည်း သေဆုံးကြောင်း၊ ဗုံးကျဲခံရသော သမင်ခြံရွာသည် ကနီမြို့၏ တောင်ဘက် ၆မိုင်အကွာတွင်ရှိသော စံပြကျေးရွာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်အချိန် မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း၊ ယင်းနောက် ဒဏ်ရာရရှိသူ ၁ ဦးပါ ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
