မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသူ အမျိုးသမီးအရေအတွက် ၅ ဦး အထိတိုးလာကြောင်း ရေစကြို အခြေစိုက် Info Committee Yesagyo မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ပွိုင့် ၅ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၆၅ နှစ်အရွယ် ဒေါ်မြသင်း (ကျောပေါက်ထွက်ဒဏ်ရာ) ၊ အသက် ၃၅ နှစ်အရွယ် မယုမွန်ချို (ဦးခေါင်းနှင့်မျက်နှာဒဏ်ရာ)၊ အသက် ၇၀ အရွယ် ဒေါ်ခင်မာမြင့် (နဖူးပေါက်၊ ညာဘက်လက်မောင်းဆုံထိမှန်ဒဏ်ရာ) ၊ အသက် ၆၃ နှစ်အရွယ် ဒေါ်ဆန်းဝင်း (လက်မောင်း ၂ ဖက် ဒဏ်ရာ) နှင့် အသက် ၆၁ နှစ်အရွယ် ဒေါ်လှဆန်း (ညာခြေထောက်အောက်ပိုင်းကျိုဒဏ်ရာ) တို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၈၅ နှစ်အရွယ် အဘွားအို ၁ ဦး အပါ အဝင် အမျိုးသမီး ၅ ဦး၊ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း ၇ ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသူများနှင့် ထိ ခိုက် ဒဏ်ရာ ရရှိသူများသည် ဆွေမျိုး တော်စပ်ကြသူများနှင့် အိမ်နီးနားချင်းများဖြစ်ကြောင်း သိရသည်။
“အခုသိရတာတော့ သေဆုံးသူက ၅ ဦးအထိရှိသွားပြီ ။ဒဏ်ရာရတာက ၇ ဦးပေါ့။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လေယာဉ်နဲ့ ဗုံးကျဲပြီး စက်လက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်သွားတာပါ” ဟု Info Committee Yesagyo မှ တာဝန်ရှိသူက ပြောဆိုသည်။
လတ်တလော ရေစကြိုမြို့နယ်အတွင်းတွင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုများရှိနေပြီး ပြည်သူများ စစ်ဘေးရှောင်ရမှုများလည်းရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





