ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နတ်သံကွင်းရွာတွင် အခြေစိုက်ထားသော စစ်သားများက ၁၂၀ မမ လက် နက်ကြီး ၁ လုံးဖြင့် တလိုင်းခင် ကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၆၁ နှစ်အရွယ် နော်ဒါးထူးနှင့် အသက် ၇၀ အရွယ် စောတိုးနော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် နတ်သံကွင်းရွာတွင် အခြေစိုက်ထားသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီး တစ်လုံး ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တလိုင်းခင်ကျေးရွာ အရှေ့ဘက် လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ညောင်လေးပင်ခရိုင်ရှိ မြို့နယ်များမှ အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဥ် ပစ်ခတ် တိုက်ခိုက်နေ၍ ပြည်သူများက စိုးရိမ်နေကြောင်း KNU ဗဟိုက အသိပေး ပြောဆိုထားသည်။
အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် မလှိုင်မြို့နယ်၊ အနောက်တောင်ခြမ်းရှိ ကျေးရွာများကို မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ကျေးရွာပြင်ပများတွင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေက တောင်သာနဲ့ မလှိုင်ဘက်ကို ညတိုင်း စက်တပ်လေထီးတွေနဲ့ ဗုံးကျဲနေတာ ပြည်သူတွေက ရွာတွေထဲမှာ မအိပ်ရဲတော့လို့ အကုန်လုံးဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



