27.6 C
Yangon

စစ်တပ်၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ရေး NUG အထူးတိုင်း စစ်ဌာနက စစ်ဆင်ရေးများ ပူးတွဲ ဖော်ဆောင်မည်ဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးတိုင်း စစ်ဌာနက အကြမ်း ဖက်စစ်တပ်၏ တရားမဝင် ရွေးကောက် ပွဲ မပြုလုပ်နိုင်ရေး စစ်ဆင်ရေးများ ပူးတွဲ ဖော်ဆောင်မည်ဖြစ်ကြောင်း အထူးတိုင်း စစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အထူး တိုင်းစစ်ဌာနကို ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တွင် အခြေပြု ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြင့် စုဖွဲ့ထားသည့် တိုင်းစစ်ဌာနတစ်ခုဖြစ်သည်ဟု သိရှိရသည်။

အထူးတိုင်း စစ်ဌာနသည် စစ်ရေးလှုပ်ရှားမှုများအဖြစ် KNU/KNLA တပ်များနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရေး – ထားဝယ်ဒေသများအပြင် ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့်ပါ ပူးပေါင်း၍ ပဲခူးတိုင်းအတွင်းရှိ နယ်မြေတချို့တွင် စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ်မြေများအတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရရေးနှင့် ရွေးကောက်ပွဲအကြောင်းပြု၍ နယ်မြေချဲ့ထွင်သည့် ထိုးစစ်များကိုလည်း နယ်မြေလုံးဝ (လုံးဝ) မဆုံးရှုံးစေရေး၊ ပြည်သူလူထုလုံခြုံရေးနှင့် အကာအကွယ်ပေးရေး ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အထူးတိုင်းစစ်ဌာန စစ်ရေး လှုပ်ရှားနယ်မြေများအတွင်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရနိုင်ရေးနဲ့ ရွေးကောက်ပွဲ အကြောင်းပြုပြီး နယ်မြေချဲ့ထွင်တဲ့ ထိုးစစ်တွေကိုလည်း နယ်မြေလုံးဝ (လုံးဝ) မဆုံးရှုံးစေရေး၊ ပြည်သူလူထုလုံခြုံရေးနဲ့ အကာအကွယ်ပေးရေး ဦးစားပေးသွားမယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်ရဲ့ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များရဲ့ စစ်ရေးရည်မှန်းချက်များကို အတူတကွ လက်တွဲဖော်ဆောင်သွားမယ်။ စစ်တောင်းမြစ်ဝှမ်းအခြေပြုပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးတွေကိုလည်း နီးစပ်ရာ တိုင်းစစ်ဌာနတွေနဲ့ အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်သွားမယ်” ဟု အထူးတိုင်း စစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များ၏ စစ်ရေးရည်မှန်းချက်များအား အတူတကွ လက်တွဲဖော်ဆောင်သွားမည် ဖြစ်ပြီး စစ်တောင်းမြစ်ဝှမ်းအခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာနများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အထူးတိုင်းစစ်ဌာနကို တောင်ပိုင်းတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇၊ စုစုပေါင်း နည်းဗျူဟာ ၅ ခုဖြင့် စုဖွဲ့ထားသည်။

အထူးတိုင်းစစ်ဌာနတွင် အမှတ် ၇၈၀၁ တပ်ရင်း၊ အမှတ် ၇၈၀၂ တပ် ရင်း၊ အမှတ် ၇၈၀၄ တပ်ရင်း၊ အမှတ် ၇၈၀၅ တပ်ရင်း၊ ကော်ဘရာတပ်ရင်း (စစ်ကြောင်း ၁/၂)၊ ကျားသစ်နက်တပ်ရင်း၊ ဒေါနတပ်ရင်း (စစ်ကြောင်း ၁/၂/၃)၊ တောင်ညိုတပ်ရင်း၊ Southern Eagle တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ SOG တပ်ရင်း တို့ပါဝင်ကြောင်း၊ ထို့ပြင် တိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် 1801 ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့ နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ့ တို့လည်း ပါဝင်သည်။

အလားတူ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်းအတည်ပြုကုတ် မကျသေးဘဲ (စိစစ်ဆဲ) PDF တပ်ရင်း ၃ ရင်း နှင့် ဒရုန်းတပ်ဖွဲ့ ၂ ဖွဲ့ ရှိပြီး ပကဖများအနေဖြင့် မွန်ပကဖ၊ ရန်ကုန်ပကဖ၊ ပဲခူးခရိုင်ပကဖ တို့ကလည်း တိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော SPECIAL OPERATIONS FORCES – SOF သည် အမှတ် ၁ စစ်ဆင်ရေးမှူး ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း တပ်များဖြန့်ကျက်အထိုင်ချကာ အထူးတိုင်းစစ်ဌာနနှင့်အတူ စစ်ဆင်ရေးများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တိုင်းစစ်ဌာနအဖွဲ့ဝင်များအဖြစ် တိုင်းကွပ်ကဲရေးမှူး၊ ဒု-ကွပ်ကဲရေးမှူး၊ စစ်ဆင်ရေးအရာရှိ၊ စစ်ရေးအရာရှိ၊ စစ်ထောက်အရာရှိ၊ စစ်ထောက်လှမ်းရေးအရာရှိ၊ ပြည်သူ့လုံခြုံရေးအရာ ရှိ၊ ရုံးအဖွဲ့မှူး၊ နည်းဗျူဟာမှုး ၅ ဦးဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး စစ်ဆင်ရေးနယ်မြေအတွင်း တပ်များနှင့်အနီးကပ်ဆုံး ကွပ်ကဲစီမံ အုပ်ချုပ်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article